အမာ ၂၀ ဇန်နဝါရီ
အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ တိလောကအောင်တော်မူ သာသနဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ သက်ကြီးပူဇော်ပွဲတွင် သက်ကြီးအဖိုးအဖွား ၆၀ ဦးတို့အား ဆေးဝါးများ၊ အာဟာရပစ္စည်းများနှင့် တစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ စီ စုပေါင်းကန်တော့ခဲ့ကြသည်။
အမေများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို အမာမြို့ ရပ်ကွက်လေးခုရှိ လူငယ်များစုပေါင်းပြီး နှစ်စဉ်ပြုလုပ်လာခဲ့ရာ ယခင်က စုပေါင်းထည့်ဝင်ငွေများဖြင့် လည်းကောင်း၊ ယခုအခါ ရပ်ဝေးရောက် အမာမြို့သူ မြို့သားများ လှူဒါန်းငွေများဖြင့် နှစ်စဉ်မပျက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲသို့ မလာရောက်နိုင်သည့် အဖိုးအဖွားများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်ပြီး လက်ဆောင်ပစ္စည်းနှင့် ငွေများ သွားရောက် ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)