ဖျာပုံ ၁၀ ဇူလိုင်            

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သိမ်းဆည်းခံမြေယာ လျော်ကြေးငွေ ပေးအပ်ရာတွင် အမာမြို့မှ ပထမဦးဆုံးအနေဖြင့် မြေယာလျော်ကြေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးမြေနေရာတို့အား သိမ်းဆည်းခံ တောင်သူများထံသို့ မြေယာလျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလှမျိုးအောင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ တိုင်းဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်တို့က မြေယာလျော်ကြေးများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမာမြို့တွင် ဌာနဆိုင်ရာရုံးများတည်ဆောက်ရာတွင် သိမ်းဆည်းခံရသော မြေပိုင်ရှင် ဦးစိုးနိုင်က မြေယာလျော်ကြေးငွေ ပြန်လည်ရရှိခြင်းအပေါ် ကျေးဇူးတင် မုဒိတာစကားပြောကြားသည်။

 

အဆိုပါ သိမ်းဆည်းခံမြေများ မြေယာလျော်ကြေးပေးအပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ရုံး မြေဧရိယာ(၀.၂၈)ဧကအတွက် နစ်နာကြေး/လျော်ကြေးငွေ ကျပ် ၇၆၉၀၅၀၀/- နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အမာမြို့ရုံး မြေဧရိယာ(၀.၁၄)ဧကအတွက် ငွေကျပ် ၃၅၆၃၂၅၀/- ကို ကာယကံရှင်ထံ လျော်ကြေးငွေအား ဖျာပုံမြို့နယ်၌ ပထမဦးဆုံးပေးလျော်ကြေး ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်