ဖျာပုံ ၁၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သိမ်းဆည်းခံမြေယာ လျော်ကြေးငွေ ပေးအပ်ရာတွင် အမာမြို့မှ ပထမဦးဆုံးအနေဖြင့် မြေယာလျော်ကြေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးမြေနေရာတို့အား သိမ်းဆည်းခံ တောင်သူများထံသို့ မြေယာလျော်ကြေးငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ဖျာပုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်တို့က အမှာစကားပြောကြားကြပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလှမျိုးအောင်၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမိုးမိုးခိုင်တို့က မြေယာလျော်ကြေးများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမာမြို့တွင် ဌာနဆိုင်ရာရုံးများ တည်ဆောက်ရာတွင် သိမ်းဆည်းခံရသော မြေပိုင်ရှင် ဦးစိုးနိုင်က မြေယာလျော်ကြေးငွေ ပြန်လည်ရရှိခြင်းအပေါ် ကျေးဇူးတင် မုဒိတာစကား ပြောကြားသည်။
အဆိုပါ သိမ်းဆည်းခံမြေများ မြေယာလျော်ကြေးပေးအပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမာမြို့ရုံး မြေဧရိယာ(၀ ဒသမ ၂၈)ဧက အတွက် နစ်နာကြေး/လျော်ကြေးငွေ ကျပ် ၇၆၉၀၅၀၀ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အမာမြို့ရုံး မြေဧရိယာ(၀ ဒသမ ၁၄)ဧကအတွက် ငွေ ကျပ် ၃၅၆၃၂၅၀ ကို ကာယကံရှင်ထံ လျော်ကြေးငွေအား ဖျာပုံမြို့နယ်၌ ပထမဦးဆုံးပေးလျော်ကြေး ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်


