ဘားအံ    ၁၁    ဒီဇင်ဘာ

 

ဘားအံမြို့ ကမ်းနားလမ်းသန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဆောင်ရွက် လျက်ရှိရာ အများပြည်သူအေးချမ်း ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ဘားအံမြို့နယ် စည်ပင်သာယာရေး ကော်မတီနှင့် ဘားအံမြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ ဆောင်ရွက်သော ညဈေးတန်းသစ် ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီက အမှတ်(၃) ရပ်ကွက် ကမ်းနားလမ်းရှိ အဆိုပါညဈေးတန်းသစ်နေရာ၌ ကျင်းပသည်။

 

46

 

ညဈေးတန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင် ကနှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ်းနားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော UHM ကုမ္ပဏီ၏ Managing Director  ဦးထွန်းအောင်ရွှေက ကမ်းနားလမ်း သာယာလှပရေး ဆောင်ရွက်ခြင်းနှင့်ဈေးတည် ဆောက်ခြင်းလုပ်ငန်းတို့အား ရှင်းလင်း ပြောကြားကာ ဘားအံမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လွင် က ညဈေးတန်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။

 

198

 

ထို့နောက် UHM ကုမ္ပဏီက ဆောင်ရွက်ပြီးစီးခဲ့သော ခရေလမ်းထိပ်မှ ပိတောက်လမ်းထိပ်ထိ ကမ်းနားလမ်း ၁၀ ပေ တိုးချဲ့ဆောင်ရွက်ခြင်း၊ ရေပေးရေးလုပ်ငန်း ကူးဆိပ်ရေစက်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအဆောက်အဦနှင့် ကမ်းနားလမ်း ညဈေးတန်းသစ်တို့အား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် ဘားအံမြို့ ကမ်းနားလမ်း ညဈေးတန်းသစ်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဦးသန်းနိုင်၊ ဘားအံ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လွင်နှင့် UHM ကုမ္ပဏီ Managing Director    ဦးထွန်းအောင်ရွှေ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေကြပြီး တက်ရောက်လာသူများနှင့်အတူ ကမ်းနားလမ်း ညဈေးတန်းသစ်အား လှည့်လည် ကြည့်ရှု့ခဲ့ကြသည်။

 

145698

 

ဘားအံမြို့ ကမ်းနားလမ်း ညဈေးတန်းသစ်သည် အလျား ၆၀ဝ ပေ၊ အနံ ၆၀ ပေတွင် ၈ ပေပတ်လည် ဆိုင်ခန်းများ အား ရေ၊ မီး အစုံအလင်ဖြင့် နေရာချထားပေးပြီး ဖန်စီပစ္စည်းအရောင်းဆိုင်များ၊ သွားရေစာ မုန့်မျိုးစုံနှင့် ဒေသထွက်အစား အစာမျိုးစုံတို့ကိုရောင်းချသည့်ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း ၁၈၉ ခန်းဖွင့်လှစ် ရောင်းချလျက်ရှိရာ  သံလွင်မြစ်၏ သဘာဝအလှတရားနှင့်အတူ ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များနှင့် မြို့နေပြည်သူလူထုများမှ  အေးချမ်းသာယာစွာ အနားယူ အပန်းဖြေနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)