အများပြည်သူ ရုံးပိတ်ရက်အတွင်း သံဖြူဇရပ် မီးရထားပြတိုက်သို့ လေ့လာကြည့်ရှုသူများပြား

သံဖြူဇရပ် ၂ မတ်

 

အများပြည်သူ ရုံးပိတ်ရက်များအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အတွင်းသို့ ဘုရားဖူးနှင့် ဒေသန္တရ လေ့လာရေးခရီး ထွက်ခွာသည့် အဖွဲ့များဖြင့် စည်ကားများပြားကြောင်း သိရသည်။

 

 

အထူးသဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဆံတော်ရှင် ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေသို့ ရပ်ဝေးမှ ပြည်သူများသည် ကိုယ်ပိုင်ယာဉ်များ၊ စီးလုံးငှါးဘုရားဖူးအဖွဲ့များဖြင့် ရောက်ရှိကြပြီးနောက် အပြန်ခရီးတွင် သံဖြူဇရပ်မြို့ရှိ ဒုတိယကမ္ဘာစစ်၏ သမိုင်းကို ဖော်ပြထားသည့် သေမင်းတမန် မီးရထားပြတိုက်သို့ ဝင်ရောက်၍ လေ့လာကြည့်ရှုသူ အလွန်များပြားခဲ့သည်။

 

“ကျွန်တော် ကိုမျိုးဝေပါ၊ ရန်ကုန်ကပါ၊ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပါတယ်၊ အခုအလုပ်ပိတ်ရက် လေးရက်ရလို့ သူငယ်ချင်းတွေ စုပြီးတော့ ကျိုက်ထီးရိုးနဲ့ ကျိုက္ခမီဘက် ဘုရားဖူးဖို့ ထွက်လာတာပါ။ သံဖြူဇရပ် သေမင်းတမန် မီးရထားပြတိုက်လည်း လေ့လာသင့်တာဖြစ်လို့ ဝင်ရောက် လေ့လာကြတာပါ။ ဒုတိယ ကမ္ဘာစစ်ရဲ့ အနိဋ္ဌာရုံ သမိုင်းအချို့ကို ဗဟုသုတ ရရှိပါတယ်”ဟု ပြောသည်။

 

ယခုလ အများပြည်သူ ရုံးပိတ်ရက် လေးရက်အတွင်း အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည် အများစုသည် သံဖြူဇရပ်မြို့ကိုဖြတ်၍ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နှင့် မြိတ်မြို့သို့ မှန်လုံယာဉ်ကြီးများဖြင့် သွားရောက်မှု များပြားပြီး မီးရထားပြတိုက်သို့ ယာဉ်အများစုမှ ဝင်ရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

 

ကျော်ဝင်း (ပြန်/ဆက်)