မြစ်ကြီးနား ၁၄ အောက်တိုဘာ
အများပြည်သူ ရုံးပိတ်များအတွင်း မြစ်ကြီးနားမြို့၊ အောင်မြင်သာစံပြကျေးရွာရှိ ဝါးရုံတော အပန်းဖြေစခန်း၌ နံနက်ပိုင်းမှ ညနေပိုင်းအထိ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
“မြစ်ကြီးနားမြို့ကသာယာတယ်။ လည်ပတ်စရာတွေများတယ်လို့ ကြားသိရတဲ့အတွက် အများပြည်သူ ရုံးပိတ်ရက် အနားယူတဲ့ အချိန်မှာ လာရောက်လည်ပတ်တာပါ။ ဝါးရုံတော အပန်းဖြေစခန်းကို အခုမှ ပထမဆုံး လာရောက်ဖူးတာပါ။ ဝါးရုံတောလေး အောက်မှာ စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်း နေလို့ရတယ်။ ချောင်းထဲမှာ အပန်းဖြေ ရေချိုးလို့ရတယ်။ သာယာတဲ့ အပန်းဖြေ စခန်းတစ်ခုပါ။ မြစ်ဆုံက ရေစီးသန်တော့ ကိုယ်က ဒီဒေသက မဟုတ်တဲ့အတွက် ရေမချိုးရဲဘူး။ ဒီဝါးရုံတောကျတော့ ရေချိုးဖို့လည်း အဆင်ပြေတယ်။ စားသောက်ဆိုင်တွေကလည်း ချောင်းနဲ့ ကပ်နေတော့ အပန်းဖြေ အနားယူရင်း စားသောက်ဖို့ အတွက်လည်း အဆင်ပြေတယ် ”ဟု ချောင်းဦးမြို့နယ်မှ လာရောက်လည်ပတ်သူ ဒေါ်ဝင်းဝင်းခိုင်က ပြောပြသည်။
ဝါးရုံတော အပန်းဖြေစခန်းတွင် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသည့် ဆုံနိုင်ခွင့် စားသောက်ဆိုင်မှ မဇာဇာကလည်း ဝါးရုံတော အပန်းဖြေစခန်းနှင့် ပတ်သက်၍ “၂၀၁၄ ခုနှစ် ကတည်းက စရောင်းတာပါ။ အဲဒီတုန်းကတော့ ရောင်းတဲ့သူ မရှိဘူး လာလည်တဲ့သူက လေးငါးဆယ် ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ လမ်းလည်းမကောင်းဘူး။ အခုကတော့ လမ်းလည်း ပေါက်သွားပြီ။ လာလည်တဲ့သူတွေလည်း အဆက်မပြတ်ပါဘူး။ အပန်းဖြေစခန်းမှာ ဈေးဆိုင်ဖွင့်တဲ့သူတွေက ကျွန်မတို့ရွာက များတယ်။ ရွာမှာ အခုလို အပန်းဖြေစခန်း ရှိတဲ့အတွက် အလုပ်အကိုင်ရတော့ ကျွန်မတို့ ဒေသခံတွေ စားဝတ်နေရေးအတွက် အထောက်အကူ အများကြီးဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အတူ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကရိန်နော် အပန်းဖြေရိပ်သာသို့လည်း လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
“ကရိန်နော် အပန်းဖြေစခန်းက မြို့ပေါ်မှာပဲရှိတော့ အားတဲ့အချိန်တိုင်း လာရောက်အပန်းဖြေ ဖြစ်တယ်။ အခုလည်း ရုံးပိတ်ရက်မှာ နယ်က ဆွေမျိုးတွေ အလည်အပတ်လာလို့ အလည်အပတ် ပို့ဖြစ်တာပါ။ မြစ်ကြီးနားရောက်ရင် ကရိန်နော်ကို လာလည်သင့်ပါတယ်။ နွေရာသီဆို ဧရာဝတီမြစ်ရေ ရေနည်းသွားတဲ့အတွက် ကျောက်ဆောင်တွေပေါ်ပြီး လှပတဲ့ နေရာလေး တစ်ခုပါ။ မိုးတွင်းကျတော့ ရေများတော့ ကျောက်ဆောင်တွေတော့ မမြင်ရဘူး။ ဒါပေမယ့် သာယာတဲ့ နေရာလေးတစ်ခုပါ” ဟု မြစ်ကြီးနားမြို့နယ် ပမ္မတီးကျေးရွာမှ ကရိန်နော် အပန်းဖြေရိပ်သာသို့ လာရောက်လည်ပတ်သူ ဦးသန်းထွန်းက ဆိုသည်။
ကေကေ၊ ဓာတ်ပုံ-ထိန်နန်နော်


