အများပြည်သူ ရုံးပိတ်ရက်တွင် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ ဘုရားဖူးပြည်သူများ လာရောက် လည်ပတ်လျက်ရှိ

မြောက်ဦး ၂ မတ်

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီတော်များနှင့် ရှေးဟောင်းအနုပညာ ဗိသုကာ လက်ရာများ၊ ရှေးခေတ် အသုံးအဆောင် ပစ္စည်းများ၊ ကျောက်စာများ၊ ကြွေထည် လက်မှုပစ္စည်းများ၊ ရှေးဟောင်း ငွေဒင်္ဂါးပြားများ၊ ခေတ်လေးခေတ်၌ သွန်းလုပ်ခဲ့သော ဗုဒ္ဓဆင်းထုတော်များအား အများပြည်သူ ရုံးပိတ်ရက်များ၌ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ခရီးသွား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာ လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါ ဘုရားဖူး ခရီးသွား ဧည့်သည်များသည် မြောက်ဦးမြို့ရှိ မာရ်ငါးပါးဖြစ်သော ရတနာ့ မာရ်အောင်၊ သက္ကျမာရ်အောင်၊ ဇိနမာရ်အောင်၊ မင်္ဂလမာရ်အောင်၊ လောကမာရ်အောင် ဘုရားများကို သွားရောက် ဖူးမျှော်ကြသည်။ ဆက်လက်၍ လက်ဆည်ကန်၊ အနူမကန်၊ နန်းတော်ရာကုန်းနှင့် ရှေးဟောင်း သုတေသနပြတိုက်သို့ သွားရောက်လေ့လာကြပြီး သျှစ်သောင်းပုထိုးတော်ကြီး လှိုင်ပတ်အတွင်းရှိ ၅၅၀ ဇာတ်နိပါတ်တော်များ၊ ထုက္ကန်သိမ်ပုထိုးတော်ကြီး လှိုင်ပတ်အတွင်းရှိ ရှေးခေတ်ဆံထုံးတော် ဆင်ယင်ထုံးဖွဲ့ပုံ အဆင့်ဆင့်အား ကျောက်ဆစ်လက်ရာများဖြင့် ထုဆစ်ထားသည့် နံရံထွင်း ကျောက်ထွင်း ရုပ်လုံးရုပ်ကြွများကို လေ့လာကြည့်ရှုကြသည်။ ဘုရားဖူးလာရောက်သော ဦးအောင်ထွန်းမှ ယခုလို ရှေးဟောင်း အနုပညာ လက်ရာများနှင့် ယာဉ်ကျေးမှု အမွေအနှစ် လက်ရာများကို လာရောက် လေ့လာခွင့် ရသည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း ပြောကြားသည်။

 

 

မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များသည် နှစ်စဉ်နှစ်တိုင်း အများပြည်သူ ရုံးပိတ်ရက်များတွင် မြောက်ဦးမြို့ ရှေးဟောင်းယာဉ်မှု အမွေအနှစ်များ၊ အထင်ကရ နေရာများအား လာရောက်လေ့လာ ဖူးမျှော်နိုင်ရန် မော်တော်ယာဉ်၊ ရေယာဉ်များဖြင့် လာရောက်လျက်ရှိကြောင်း ခရိုင်(ပြန်/ဆက်) ဦးစီးဌာနမှ သိရသည်။

 

MDN