ရန်ကုန် အောက်တိုဘာ ၂၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာ (၂၆) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပွင့်လင်းရာသီရောက်တော့ မည်ဖြစ်ပါသဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ အများပြည်သူအားလပ် ရက်များတွင် ပြည်သူများ စိတ်ချမ်းသာစွာ လာရောက်အပန်းဖြေနိုင်ရန်နှင့် တိုင်းရင်းသား များ၏ ရိုးရာဓလေ့ထုံးတမ်းများကို လာရောက်လေ့လာနိုင်ရန်အတွက် အစီအစဉ်သစ်များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျေးရွာအတွင်း ကလေးကစားကွင်းများ၊ ကိုယ်ကာယလေ့ကျင်းခန်းသုံး အားကစားပစ္စည်းများ တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ Free Wifi များလည်း အမြန်ဆုံးတပ်ဆင်ပေးနိုင်ရန် မှာကြားလိုပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဆိုအကများ၊ ရုပ်သေး၊ မျက်လှည့်ပညာရှင်များဖိတ်ခေါ်ပြီး ဖျော်ဖြေ ပေးမည့်အစီအစဉ် ပြန်လည်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကျေးရွာအတွင်း တိုင်းရင်း သားရိုးရာ အစားအစာရောင်းချပွဲများ၊ လှေလှော်ပြိုင်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲများ စီစဉ်ကျင်းပ သွားရမည် ဖြစ်ပါကြောင်း၊ ပဲခူးမြစ်မှတစ်ဆင့် လာရောက်အပန်းဖြေနိုင်ရန်အတွက် ရေယာဉ် သင်္ဘော ပြေးဆွဲနိုင်ရေး ဆိပ်ခံဘောတည်ဆောက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိ ဦးမျိုးဝင်းက လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က လည်းကောင်း ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ တိုင်းရင်းသားရိုးရာနေအိမ်များ၊ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှု၊ ရှမ်းပြည်နယ် ပြခန်းအတွင်းရှိ အင်းလေးကန်အတွင်း လှေလှော်ပြိုင်ပွဲကျင်းလုပ်နိုင်မည့် အခြေအနေ၊ သင်္ဘောဆိပ်ခံ တည်ဆောက်မည့်နေရာ၊ (၆)ခန်းတွဲ တစ်ထပ်ဆောင် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းနှင့် ရတနာလမ်းဝင်ပေါက်တို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


