မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသောနိုင်ငံဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်မီက ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးခဲ့သည်။ ပြည်သူလူထ ုအကျိုးစီးပွားမဖြစ်ထွန်းသည့် ထိုစနစ် ပြိုလဲပျက်စီးသွားပြီးနောက် မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ် ယနေ့ထက်တိုင် ဖြစ်ထွန်းလျက်ရှိသည်။

ဈေးကွက်စီးပွားရေးစနစ်ဆိုသည်မှာ ဈေးကွက်တွင် မည်သူမဆိုလွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သော စီးပွားရေးစနစ်ဖြစ်သည်။ တစ်နည်းဆိုလျှင် မိမိတို့၏အကျိုးစီးပွားအတွက် စားသုံးသူများအား အခွင့်အရေးပေး၍ လွတ်လပ်စွာယှဉ်ပြိုင်သော စီးပွားရေးစနစ်ဖြစ်သည်။ ဈေးကွက်စီးပွားရေးစနစ်ကို အရင်းရှင် စီးပွားရေးစနစ်ဟုလည်း ဆိုနိုင်သည်။

အရင်းရှင်စီးပွားရေးစနစ်ဟု ဆိုသော်လည်း ကုန်ထုတ်လုပ်မှုဈေးကွက်ကို တစ်ဦးတည်း လက်ဝါးကြီး အုပ်ခွင့်မရဘဲ ဈေးကွက်တွင် တရားနည်းလမ်းကျစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြသဖြင့် စားသုံးသူများ အခွင့်အရေး ပိုမိုရရှိကြသည့်စနစ်ဖြစ်ရာ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးရှိ ပြည်သူများက အသိအမှတ်ပြု လက်ခံထားသော စီးပွားရေးစနစ်ဖြစ်သည်။

မျက်မှောက်ကာလတွင် ဈေးကွက်စီးပွားရေးစနစ်၏ အားသာချက်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ဈေးကွက်တွင် ထုတ်လုပ်သူရော၊ စားသုံးသူပါ မျှဝေခံစားနိုင်မှုတို့ကြောင့် ယနေ့ကမ္ဘာပေါ်ရှိ အရင်းရှင်နိုင်ငံများသာမက ဆိုရှယ်လစ်၊ ကွန်မြူနစ်နိုင်ငံကြီး များသည်ပင် ဈေးကွက်စီးပွားရေးစနစ်ကို လက်ခံကျင့်သုံးနေကြသည်။

၂၁ ရာစုတွင် လက်ငင်းကြုံတွေ့နေရသည့် အရင်းရှင်စီးပွားရေး၊ ဈေးကွက်စီးပွားရေး၏ လွန်လွန်ကဲကဲ တိုးတက်ကြီးပွား လာမှုများကြောင့် စားသုံးသူ အခွင့်အရေးများအတွက် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အစောပိုင်းကာလက လွတ်လပ်သော ဈေးကွက်တွင် တစ်ဦးတည်း လက်ဝါးကြီးအုပ်ချုပ်ကိုင်မှု မရှိနိုင်သဖြင့် စားသုံးသူတို့အပေါ် ခေါင်းပုံဖြတ်အမြတ်မထုတ်နိုင်ဟု ထင်မြင်ယူဆခဲ့ကြသည်။

သို့သော် နည်းပညာစနစ် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလာသောအခါ၌ နည်းပညာကို အသုံးချသည့် ဈေးကွက်စီးပွားရေး နယ်ပယ်တွင် ပြည်သူများ မသိနားမလည်မှုနှင့် လက်လှမ်းမမီမှုတို့ကို အခွင့်ကောင်းယူကာ အမြတ်ထုတ်မှုများ ရှိလာသည်။ မကြာသေးမီရက်ပိုင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ဆက်သွယ်ရေးသုံးစွဲသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ကို ကြားသိရ သည်။

ဒီမိုကရေစီခေတ်ကာလတွင် အများပြည်သူအကျိုးစီးပွားဟု ဆိုရာ၌ နည်းပညာကိုအသုံးချသည့်သုံးစွဲသူ အရေအတွက်မှာ နိုင်ငံရှိ လူဦးရေထက်ပင် ကျော်လွန်နေသဖြင့် နည်းပညာအသုံးပြုဆက်သွယ်ရေးပစ္စည်း သုံးစွဲသူများကို အကြီးမားဆုံး အများပြည်သူ အကျိုးစီးပွားဟု ခေါ်ဆိုရမည် ဖြစ်သည်။ ယခုအခါ သုံးစွဲသူများ၏ အကျိုးစီးပွားထက် နစ်နာဆုံးရှုံးမှု၊ ပေးဆပ်ရမှုများကို တရားဝင်ထုတ်ဖော်ပြောကြား လာပြီဖြစ်၍ အများပြည်သူ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။

အများပြည်သူလက်ခံထားသည့် အရင်းရှင်စီးပွားရေး၊ ဈေးကွက်စီးပွားရေးဆိုသည်မှာ ပြည်သူ့အကျိုးကို ရှေးရှုသည့် လွတ်လပ်သော ဈေးကွက်ယှဉ်ပြိုင်မှုသာ ဖြစ်သည်။ ပြည်သူလူထုအကျိုးအား အလေးထားခြင်းမပြုဟု အများပြည်သူက မှတ်ချက်ပြုလာပါလျှင် ခေါင်းပုံဖြတ်အမြတ်ကြီးစား အရင်းရှင် စီးပွားရေးစနစ်သာ ဖြစ်ပေလိမ့်မည်။

သို့ဖြစ်ရာ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်၏ အကျိုးကျေးဇူးများကို ပြည်သူပြည်သား၊ အများပြည်သူ အကျိုးစီးပွား များအတွက် မျှဝေခံစားပေးမည်ဆိုပါလျှင် အလွန်အကျွံ အမြတ်ထုတ်မှုများ၊ ဈေးကွက်ဝေစု အနိုင်အထက်ပြုမှုများ၊ စားသုံးသူကို မထောက်ထားမှုများအား ရှောင်ရှားကြရန် တိုက်တွန်းအပ်ပါသည်။    ။