အများပြည်သူအကျိုးပြု နိုင်ငံရေး

၁၄  သြဂုတ်

 

လူသည် နိုင်ငံရေးနှင့် မကင်းနိုင်ချေ။ လူသည် နိုင်ငံရေးကို ရှောင်၍ မရချေ။ လူသည် သိလျက်ပင်ဖြစ်စေ၊ မသိလျက်ပင်ဖြစ်စေ နိုင်ငံရေးနှင့် အစဉ်ပင် ဆက်ဆံနေရပေသည်။ ထို့ကြောင့် နိုင်ငံရေး၏အဓိပ္ပာယ်ကို လူတိုင်းသိဖို့ လိုပါသည်။ တိုင်းရေး၊ ပြည်ရေး၊ နိုင်ငံရေးများကို လေ့လာသုံးသပ် ဆင်ခြင်အပ်ပြီး ရှောင်သင့်သည်ကိုရှောင်၊ ဆောင်သင့်သည်ကို ဆောင်ရမည်ဖြစ်သည်။ နောင်လာနောက်သားများအား ကောင်းသောအမွေများကို ပေးခဲ့ရမည်ဖြစ်သည်။

 

နိုင်ငံရေးကို နိုင်ငံရေးသမားများ၏ အလုပ်သက်သက်ဟု ထင်မှတ်ကြပေလိမ့်မည်။ အမှန်တွင် နိုင်ငံရေးသည် ပြည်သူအားလုံးနှင့် သက်ဆိုင်သည့်ကိစ္စ၊ ပြည်သူအားလုံး လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံတွင် ကျင်းပခဲ့သော ဖဆပလအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီး၌ “နိုင်ငံရေးဆိုတာ ဘာလဲ”ဟူသော အကြောင်းအရာကို ဗိုလ်ချုပ် အောင်ဆန်းက လေးနက်စွာ ရေးသားဖတ်ကြားခဲ့သည်။

 

“နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်းရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရပေ၍ ပဋိစ္စသမုပ္ပာဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့်အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့်အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသောခရီးကို တစ်သွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရား၊ အကျိုးတရား အမျိုးအစားများကိုလိုက်၍ ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေးဖြစ်၏”ဟူ၍ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။

 

မျက်မှောက်ကာလတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံရေးနှင့်ပတ်သက်၍ အခါအခွင့်ကြုံတိုင်း ကျယ်ကျယ်ပြန့်ပြန့် ပြောကြားလေ့ရှိသည်။ ဩဂုတ်လ ၁၁ ရက်နေ့က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သော လူငယ်များစာပေစကားဝိုင်း အခမ်းအနားတွင် “နိုင်ငံရေးဆိုတာ လူတွေအကြောင်းပဲ။ လူသားအချင်းချင်း ဆက်ဆံမှုအကြောင်းပဲ။ လူသားတွေရဲ့ စိတ်နေစိတ်ထား၊ လူသားတွေရဲ့ ဆက်ဆံမှုနဲ့ပတ်သက်လို့ နားမလည်ရင် နိုင်ငံရေးကို ဘယ်တော့မှ အောင်အောင်မြင်မြင် လုပ်လို့မရဘူး။ နိုင်ငံရေးဆိုတာ ပြည်သူလူထုကို အခြေခံရမယ်။ ပြည်သူလူထုကို အခြေမခံတဲ့ နိုင်ငံရေးဆိုတာ တကယ်တော့ အများကိုအကျိုးပြုတဲ့ နိုင်ငံရေးမျိုးမဟုတ်နိုင်ဘူး” ဟု ရှင်းလင်းပြောကြားခဲ့သည်။

 

နိုင်ငံရေးသည် မပြီးဆုံးနိုင်သော လူသားများ၏ သံသရာခရီးရှည်ကြီး အတွင်းမှ အရေးကိစ္စအမျိုးမျိုးတို့ ဖြစ်သဖြင့် လူတို့၏အရေးကိစ္စများပင် ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် လည်းကောင်း၊ ပြည်သူလူထုကိုယ်စား အနေဖြင့် လည်းကောင်း ပြည်သူလူထုဘဝကို ထဲထဲဝင်ဝင် လေ့လာကာ အများပြည်သူကောင်းကျိုးကို ဆောင်ရွက်ခြင်းသည်သာ စစ်မှန်သော နိုင်ငံရေးဖြစ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင်သာမက လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များတွင်ပါ နိုင်ငံရေးကို တလွဲအသုံးချမှု၊ အသုံးပြုမှုများ ရှိနေသည်ကို မြင်တွေ့နေရသည်။ ထို့ကြောင့် နိုင်ငံရေး၏ အဓိပ္ပာယ်၊ အနှစ်သာရနှင့် လုပ်ဆောင်ရမည်များကို ပြည်သူများ နားလည်သိရှိ သဘောပေါက်မိစေရန် လေ့လာမှတ်သားကြရမည် ဖြစ်သည်။ နိုင်ငံရေးကို သိရှိနားလည်နိုင်ရန် အမျိုးသားခေါင်းဆောင်များ၏ ပြောကြားချက်များကို မှတ်သားကြရမည်ဖြစ်သလို စာပေဖတ်ရှုခြင်းဖြင့်လည်း မှတ်သားရယူကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံရေးဆိုသည်မှာ အများထင်သကဲ့သို့ တိုင်းရေး၊ ပြည်ရေး၊ နိုင်ငံ့အရေး သက်သက်မဟုတ်ဘဲ ပြည်သူအများ၏ အရေးအရာ ကိစ္စများသာဖြစ်၍ ဖော်ပြပါနိုင်ငံ့ခေါင်းဆောင်များ၏ ရှင်းလင်းဖွင့်ဆိုပြသည့်အတိုင်း ပြည်သူများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အရေးများကို သုံးသပ်လေ့လာကာ မှန်ကန်သော အများပြည်သူ အကျိုးစီးပွားကို ရှေးရှုသည့် နိုင်ငံရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း။ ။

 

ကြေးမုံ