ကျော်နိုင်တင့်

 

စတုတ္ထအကြိမ်မြောက် -Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-I) တွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စမတ်စီးတီးနှင့် ပတ်သက်၍ အောက်ပါအတိုင်း မှတ်ချက်ပြု ပြောဆိုသွားသည်ကို သတိပြုမိသည်-

 

“အားလုံးက (Smart Factory)၊ စမတ်ကား၊ စမတ်ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ (Smart Health Care)၊ အပူချိန်၊ စိုထိုင်းဆ၊ ရေပေးမှု၊ ပိုးသတ်ဆေးဖျန်းတာစတဲ့ လုပ်ငန်းများကို sensor များ အသုံးပြုပြီး အလိုအလျောက် ဆောင်ရွက်ပေးမယ့် Smart farming ဆိုတဲ့ စိုက်ပျိုးရေးနည်းသစ်တွေ၊ မြို့နေပြည်သူတွေ အေးချမ်းသာယာမှုကို ဖန်တီးပေးနိုင်ဖို့ စမတ်စီးတီးတွေ တည်ထောင်နေကြတဲ့ခေတ်မှာ နောက်ကသာ အမီမလိုက် နိုင်ခဲ့ရင်လူမှုရေး၊ စီးပွားရေး ဆက်လက်ပြီးနောက်ကောက် ကျကျန်ခဲ့မှာ အသေအချာပါပဲ”။

 

အာဆီယံစမတ်စီးတီးကွန်ရက် ASEAN Smart Cities Network (ASCN) ကို တည်ထောင်ရန် ၂၀၁၈ခုနှစ် ဧပြီလ တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြသည်။ အာဆီယံ စမတ်စီးတီးကွန်ရက်တွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့ကြီး သုံးမြို့ကို စမတ်စီးတီးအဖြစ် တည်ဆောက်သွားရန် အဆိုပြုထားပြီး ဖြစ်သည်ဟု သိရှိရသည်။

 

စမတ်စီးတီးဆိုသည်မှာ

စမတ်စီးတီးဆိုသည့် ဝေါဟာရသည် ၂၀ရာစုကုန်တွင် စတင်သုံးစွဲလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါဝေါဟာရသည် စက်မှုနိုင်ငံကြီးများက မြို့ပြဒေသများအတွက် ဆက်သွယ် ရေး၊ သတင်းအချက်အလက်တို့နှင့် ပတ်သက်သည့် နည်းပညာကို အများပြည်သူ အသုံးပြုရလွယ်ကူစေရန် အကောင်အထည်ဖော်ခြင်းပင် ဖြစ်သည်ဟု ယေဘုယျအား ဖြင့် ဆိုနိုင်ပါသည်။ မြို့ကြီးများ၏ အနာဂတ်နှင့် ၎င်းတို့၏ ဖွံ့ဖြိုးရေးကို တိုးချဲ့ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ လက်ရှိအခြေခံ အဆောက်အအုံများနှင့် ချိတ်ဆက်ပြီး လူမှုရေးနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင် မှုတို့ကိုလည်း မြှင့်တင်ပေးပါသည်။ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်သည့် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ သဘောတရားသစ်များကို ဖန်တီးပေးခြင်းလည်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် စီမံခန့်ခွဲမှုနှင့် အများ ပြည်သူ ပါဝင်မှုကို အာရုံစိုက်ဆောင်ရွက်ရသည်။ မြို့ကြီး များအနေဖြင့် စမတ်ဖြစ်လိုပါက အရေးကြီးသော ဆုံးဖြတ်ချက်များကို မဟာဗျူဟာကျကျ ချမှတ်ရန်လိုအပ် သည်။ နည်းပညာနှင့် ဒစ်ဂျစ်တယ် အခြေပြုဆောင်ရွက် ခြင်းကို စမတ်စီးတီးဟုခေါ်နိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် မန္တလေးစမတ် စီးတီး အရာရှိချုပ်ဦးရဲမြတ်သူက အဓိပ္ပာယ်ဖွင့်ဆိုပြသည် ကို မှတ်သားရဖူးသည်။

 

စမတ်စီးတီး၏ ကောင်းကျိုးများ

စမတ်စီးတီးအဖြစ် အကောင်အထည်ဖော်ခြင်းဖြင့် လက်ရှိကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုနှင့် အရင်းအမြစ်ရှားပါးမှုတို့ကို ဖြေရှင်းနိုင်ပါလိမ့်မည်။ ထို့အပြင် အဆက်မပြတ် တိုးပွားလာသည့် မြို့နေလူထု၏ ဘဝအရည်အသွေးနှင့် ၎င်းတို့ ၏ စီးပွားရေးယှဉ်ပြိုင်မှုတို့ကိုလည်း လုံခြုံစိတ်ချမှု ရရှိစေနိုင်သည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းညှိနိုင်ခြင်း၊ အာရုံခံကိရိယာများက ရေပိုက်လိုင်း ယိုစိမ့်မှုများကို စောင့်ကြည့် ထောက်လှမ်းနိုင်ခြင်း၊ မြို့တော်သန့်ရှင်းသာယာခြင်း၊ လမ်း၊ တံတားများကောင်းမွန်ခြင်း၊ လမ်းမီးများ လင်းလက် ခြင်း၊ သစ်ပင်ပန်းမန်များဖြင့် စိမ်းလန်း စိုပြည်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ ရရှိခြင်း၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကောင်းမွန်ပြီး ပြည်သူလူထု ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ အများပြည်သူ သုံးယာဉ် များ ချောမွေ့အဆင်ပြေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်။

 

ရာသီဥတုပြောင်းလဲမှု

ရာသီဥတုပြောင်းလဲမှုသည် လက်ရှိကျွန်တော်တို့ ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှု၊ ရေကြီးမှုများ လျော့ပါးသက်သာစေနိုင်ရန် အတွက် လာမည့်ဆယ်စုနှစ်အတွင်း ကာဗွန်ထုတ်လွှတ်မှုကို မဖြစ်မနေ လျှော့ချရမည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ လေးပုံသုံးပုံအတွက် မြို့ကြီးများတွင် တာဝန်ရှိပါသည်။ လေထုညစ်ညမ်းမှုကို အဓိက ဖြစ်စေသူများ ဖြစ်သည့်အတွက် ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိပါသည်။

 

မြို့ပြများ

ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်သည် မြို့ပြဒေသ တွင် နေထိုင်နေကြသည်။ ခန့်မှန်းခြေအားဖြင့် ၂၀၅၀ ပြည့်နှစ်တွင် မြို့ပြလူဦးရေမှာ လူဦးရေ၏ သုံးပုံနှစ်ပုံအထိ ရှိလာမည်ဟု သိရှိရသည်။ မြို့နေလူတန်းစား တိုးပွားလာ ခြင်းသည် ၎င်းတို့၏ လိုအပ်ချက်များလည်း များပြားလာ မည် ဖြစ်သည့်အတွက် ကြီးမားသည့် စိန်ခေါ်မှုများလည်း ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် နည်းလမ်းများဖြင့် ဖြေရှင်းပေး ရန် ဖြစ်ပါသည်။

 

အရင်းအမြစ်များရှားပါးမှု

ရုပ်ကြွင်းစွမ်းအင်၊ သန့်ရှင်းသောရေနှင့် အသုံးပြုနိုင်သောမြေ စသည့် အရင်းအမြစ်များမှာ ကျွန်တော်တို့ အတွက် အကန့်အသတ်ဖြင့်သာ ရှိပါသည်။ မြို့ကြီးများသည် ကမ္ဘာတစ်ဝန်းမှထုတ်လုပ်သော စွမ်းအင်အများစုကို သုံးစွဲကြပါ သည်။ စားနပ်ရိက္ခာ၊ အိမ်ရာ၊ ယာဉ်သွားလာမှုနှင့် လေလွင့်မှု မရှိစေရေးအတွက် ကုန်ကြမ်းများနှင့် စွမ်းအင် လိုအပ်ပါသည်။ မြို့ကြီးများ၏ လူနေမှုအဆင့် အတန်းမြင့်မားမှု ရေရှည်တည်တံ့စေရန်အတွက် ဂေဟ စနစ်ကို ပျက်ယွင်းစေသည့် အရာများကို လျှော့ချရမည်ဖြစ်ပြီး ရှားပါးရုပ်ကြွင်းလောင်စာများအစား အခြားသော စွမ်းအင် အရင်းအမြစ်များကို ရှာဖွေရမည် ဖြစ်ပါသည်။

 

စွမ်းအင်နှင့် ပတ်ဝန်းကျင်

စွမ်းအင်နှင့် ကုန်ကြမ်းများသုံးစွဲမှုကို လျှော့ချခြင်းနှင့် အရင်းအမြစ်စီမံခန့်ခွဲမှု ပြုလုပ်ခြင်း သည် မြို့ကြီးတစ်မြို့၏ အဓိကကျသော စိုးရိမ်ဖွယ်ရာအချက်များ ဖြစ်နေပါသည်။ စွမ်းအင်ထုတ်လုပ်မှု စမတ်ဖြစ်ခြင်းနှင့် စနစ်တကျ သုံးစွဲခြင်းတို့သည်လည်း အရေးကြီးပါသည်။ စမတ်ကျသော ဓာတ်အားလိုင်းများသည် စမတ်ကျသော စွမ်းအင်သုံးစွဲမှု ဖြစ်စေရေးအတွက် တိုးတက်မှုတစ်ခု ဖြစ်ပါသည်။ စွမ်းအင်ထုတ်လုပ်မှု၊ သိုလှောင်မှု နှင့် သုံးစွဲမှုတို့အတွက် ကောင်းမွန်သည့် ကွန်ရက်များနှင့် စောင့်ကြည့်သည့် စနစ်များကို ထည့်သွင်းထားရမည် ဖြစ်ပါသည်။ အမှန်တကယ် စွမ်းအင်သုံးစွဲမှုကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အတွက် စမတ်ကျသော မီတာဖတ်သည့် စနစ်ကိုလည်း ထည့်သွင်း ကျင့်သုံးရမည် ဖြစ်ပါသည်။

 

ယာဉ်သွားလာမှု

စမတ်ကျသည့် ယာဉ်သွားလာမှုဆိုသည်မှာ ခေတ်မီ သည့် ယာဉ်သွားလာမှုနှင့် သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ ရှိခြင်းပင်ဖြစ်သည်။ အရင်းအမြစ် ကုန်ကျမှုအနည်းဆုံးနှင့် ထိရောက်မှု အများဆုံးရှိစေရန် နည်းပညာသစ်များအပေါ် အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစနစ်၏ လုံခြုံမှု၊ ဈေး သက်သာမှုနှင့် အလွယ်အကူ အသုံးပြုနိုင်မှုတို့သည် စမတ်စီးတီးအကောင်အထည်ဖော်ရန်အတွက် အလွန် အရေးကြီးပါသည်။

 

စမတ်ကျသောစီးပွားရေး

စမတ်ကျသော စီးပွားရေးသည် ပညာရေး၊ အရည်အသွေးရှိမှု၊ သုတေသနနှင့် စွန့်ဦးတီထွင်မှု စိတ်ဓာတ်၊ ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ပြောင်းလွယ် ပြင်လွယ်ရှိမှုတို့ကို များစွာအထောက်အပံ့ပေးပါသည်။ သတင်းအချက်အလက်များ စဉ်ဆက်မပြတ်ရရှိခြင်း၊ မျှဝေခြင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် များရှိခြင်းတို့သည် ဆန်းသစ်တီထွင်မှုအတွက် အဓိကကျသော ပါဝင်ပစ္စည်းများ ဖြစ်ပါသည်။ ပိုမို၍ ပွင့်လင်း မြင်သာမှုရှိရန်နှင့် ပြည်သူများအား ဆုံးဖြတ်ချက်ချသည့် ဖြစ်စဉ်တွင် ပါဝင်လာနိုင်စေရန် အများပြည်သူဆိုင်ရာ ဒစ်ဂျစ်တယ် အချက်အလက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံရရှိစေရန် လိုအပ်သည်။

 

အကောင်ထည်ဖော်ရန် လျာထားမှု

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် အမျိုးသားမြို့ပြမူဝါဒ ချမှတ်ရေးညီလာခံ (National Urban Policy Forum)ကို ကျင်းပခဲ့ပါသည်။ အဆိုပါ ညီလာခံ ဆွေးနွေးခြင်း အစီအစဉ်၌ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက စမတ်စီးတီးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် မန္တလေးမြို့ကို စမတ်စီးတီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ မီးပွိုင့်များ ထိန်းချုပ်စနစ် စီစီတီဗွီဖြင့် မှတ်တမ်းတင်ထား မှု၊ ရေမီတာများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် အခွန်အခပေးဆောင်စေမှု၊ ထိန်းချုပ်မှုနှင့် ဝန်ဆောင်မှုပေးနေပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါ်တင်တင်ကြည်ကလည်း Town smart and sustainable  Yangon ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့တွင် ဇုန်(၉)ဇုန်ခွဲ၍ Survey ဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားရေးမှူး ဦးဖိုးသာက Smart City Action Plans for Nay Pyi Taw ခေါင်းစဉ်ဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အခြေအနေများ၊ မြို့ပြဧရိယာ တိုးချဲ့မှုများ၊ ဝန်ထမ်းအိမ်ရာ တိုးချဲ့ဆောက်လုပ်မှုများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီမံထားရှိမှု တို့ကို ရှင်းလင်းဆွေးနွေးသွားခဲ့ကြသည်။

 

ဖြစ်နိုင်သည့်နေရာမှစတင် အကောင်အထည်ဖော်

အချုပ်အားဖြင့်ဆိုရသော် စမတ်စီးတီးဆိုသည်မှာ အများပြည်သူဝန်ဆောင်မှုကို နည်းပညာသုံးပြီး အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ခေတ်၏တောင်းဆိုမှုဟုလည်း ဆိုနိုင် ပါသည်။ သို့သော် စမတ်စီးတီးကို အကောင်အထည်ဖော်ရာတွင် ကျွမ်းကျင်ဝန်ထမ်း မလုံလောက်မှု၊ နည်း ပညာအခက်အခဲ ရှိမှု၊ အဆင့်မြင့်နည်းပညာ ဆော့ဖ်ဝဲလ်များနှင့် ကိရိယာများဝယ်ယူရန်အတွက် ငွေကြေးအမြောက်အမြား သုံးစွဲရန်လိုအပ်မှု စသည့်အခက်အခဲ တချို့ ရှိနိုင်ပါသည်။ သို့သော်လည်း ထိရောက်မှုရှိပြီး ကောင်းကျိုးများစွာရှိသော စမတ်စီးတီးလုပ်ငန်းစဉ်ကို ဖြစ်နိုင်သည့် နေရာမှစ၍ အကောင်အထည်ဖော် ဆက်လက်လျှောက်လှမ်းကြရမည် ဖြစ်ပါသည်။ ။