မျိုးဝင်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကြီးရဲ့ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဇွန် ၇ ရက်နေ့မှာ အောင်မြင်စွာနဲ့ပဲ ပြီးဆုံးခဲ့ပြန်ပါပြီ။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီနဲ့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှာပါ တာဝန်ပေးအပ်ခြင်းခံထားရတဲ့ ကျွန်တော့်အဖို့တော့ နေပြည်တော်ကနေ မိုင် ၄၀ဝ လောက် ဝေးကွာတဲ့ ကျွန်တော့်ရဲ့ မဲဆန္ဒနယ် ရေးမြို့ဆီကို မပြန်နိုင်သေးဘဲ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို နောက်ထပ် ရက်သတ္တတစ်ပတ် ထမ်းရွက်ရဦးမှာဖြစ်လို့ တက်ကြွရွှင်လန်းစွာနဲ့ မိမိတို့ရဲ့ မဲဆန္ဒနယ်အသီးသီးကို ပြန်သွားတဲ့ ကိုယ်စားလှယ်တော်ကြီးတွေကို နှုတ်ဆက်ရင်းနဲ့ပဲ နေပြည်တော်မှာ ဆက်လက်ကျန်နေရစ်ခဲ့ရပါတယ်။

တာဝန်တွေပြီးဆုံးတဲ့ ဇွန်လ ၁၅ ရက်နေ့ရောက်မှပဲ တစ်ကိုယ်တည်း ကားမောင်းရင်း မိမိရဲ့မဲဆန္ဒနယ်ကို ပြန်လာခဲ့ပါတယ်။ နေပြည်တော်မှာ မိုးကရွာတစ်ချက်... မရွာတစ်ချက်ဆိုပေမယ့် ကိုယ့်ရဲ့ မွန်ပြည်နယ်တံခါးဝ စစ်တောင်းတံတားကို ကျော်လွန်လာတာနဲ့ မိုးရိပ်မိုးသားတွေနဲ့ စတင်ထိတွေ့လာရပါတော့တယ်။ ဘီးလင်းမြို့မှာ မိုးခိုရင်း နံနက်စာစားအပြီး မိုးဖွဲဖွဲကြားမှာ ပြန်ထွက်လာပေမယ့် သထုံကိုလွန်လာတာနဲ့ မိုးကတဖြည်းဖြည်း ပြန်သည်းလာလိုက်တာ မော်လမြိုင် သံလွင်တံတား ဖြတ်တဲ့အခါမှာတော့ မြစ်ကိုဖြတ်သန်းလာတဲ့ လေကြမ်းနဲ့အတူ တဝေါဝေါ အော်မြည်နေတဲ့ မိုးသည်းသည်းအကြား ကားကိုသတိထားမောင်းနှင်ရင်း မွန်တို့ ဌာနေ ရာမညမြေရဲ့ မြို့တော် မော်လမြိုင်မှာ မိုးအစဲကိုစောင့်ရင်း ခရီးတစ်ထောက် နားခဲ့ရပြန်ပါတယ်။

 

mdn

 

ပြောင်းလဲခဲ့တဲ့ပတ်ဝန်းကျင်

မော်လမြိုင်ကနေ နောက်ထပ် မိုင် ၁၀ဝ လောက်ဆို ကိုယ့်ရဲ့မွေးရပ်မြေကို ရောက်ရှိတော့ မှာဆိုတော့ သိပ်ပြီးစိုးရိမ်ပူပန်မနေတော့ပါဘူး။ မိုးလေးနဲနဲစဲလာတာနဲ့ ကားကို မှန်မှန်လေး မောင်းထွက်ခဲ့ပါတယ်။ လွှတ်တော်တက်နေတဲ့ နှစ်လတာကာလအတွင်း ပြောင်းလဲခဲ့တဲ့ပတ်ဝန်း ကျင်အခြေအနေတွေကို လေ့လာကြည့်ရှုရင်းနဲ့ပဲ မုဒုံ၊ သံဖြူဇရပ်မြို့နယ်များကို ဖြတ်ကျော်လာခဲ့ပြီးတဲ့နောက် ကိုယ့်မြို့နယ်ရဲ့အစ ကရင် တိုင်းရင်းသား အများစုနေထိုင်ရာ ဘေးလမိုင်း ကျေးရွာမှာ စိုက်ထူထားတဲ့ ရေးမြို့နယ်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကိုကြည့်ရင်း ကိုယ့်ဒေသ ပြန်ရောက်ခဲ့ရပြန်ပေါ့ဆိုတဲ့ စိတ်ကြည်နူးမှု အာရုံလေးကို ခံစားလိုက်ရပါတယ်။

ကိုယ့်ဒေသရောက်လာပြီဆိုတော့လည်း ခရီးသွားဟန်လွဲနဲ့ ကျန်နေသေးတဲ့ မိုင် ၃၀ ကျော်ခရီးကို ဘေးဘီဝဲယာလေ့လာကြည့်ရှုရင်း ကားကို ဖြည်းဖြည်းမှန်မှန် မောင်းလာခဲ့ပါတယ်။ မိုးက တော်တော်ရွာထားတာကြောင့် လမ်းဘေးလယ် ကွက်တွေမှာ မိုးရေတွေ အတော်အတန်ပြည့်နေပြီး မိုးရေစီးကြောင်းအသစ်တွေကြောင့် လမ်းပျက်စီးနိုင်မယ့် နေရာတွေကို လေ့လာမှတ်သားရင်း လာခဲ့တာမို့ ခရီးက သိပ်မတွင်ပါဘူး။ အချို့နေရာတွေမှာ လွှတ်တော်မတက်ခင်တုန်းက မြင်ခဲ့ရတဲ့ လယ်ကွက်အချို့ဟာ မြေဖို့ထားတဲ့ မြေကွက်ကြီးတွေအဖြစ် ပြောင်းလဲသွားတာတွေ့ရပြီး ရော်ဘာခြံ အချို့တွေထဲမှာလည်း ခုတ်လှဲထားတဲ့ ရော်ဘာပင်တွေ၊ ရော်ဘာခြံအဖြစ်ကနေ ကွန်ကရစ်တိုင် ထိုးထိုးထောင်ထောင်နဲ့ အိမ်ကွက်ရောင်းရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကြည့်ပြီး သက်ပြင်းတွေချရင်း ဖြည်းဖြည်းချင်း မောင်းလာလိုက်တာ ကိုယ့်မြို့ကိုရောက်တော့ မှောင်စပျိုးနေပြီဖြစ်ပါတယ်။

မြေယာပြဿနာ

လွှတ်တော်ပိတ်ရက်ထက် နောက်ကျပြီးမှ အိမ်ပြန်ရောက်လာခဲ့တဲ့အတွက် သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေနဲ့ အများနဲ့သက် ဆိုင်တဲ့ မြေတွေအပေါ်က ဥပဒေမဲ့လုပ်ရပ်တွေကို မျက်နှာချင်းဆိုင် တွေ့ဆုံပြောပြလိုသူတွေဟာ နောက်နေ့မနက် စောစောမှာပဲ တစ်ဦးပြီးတစ်ဦး ရောက်ရှိလို့လာပါတော့တယ်။ ပြဿနာအများစုကတော့ ကျေးလက်တွေမှာဆိုရင် မြေယာပြဿနာက အများစုဖြစ်ပြီး မြို့ပြမှာတော့ စည်ပင်သာယာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေအပါအဝင် နိုင်ငံတော်ဘဏ္ဍာနဲ့ တည်ဆောက်ထားတဲ့ လုပ်ငန်းတွေကို လိုက်လံကြည့်ရှုရင်း လာရောက်ပြောဆိုထားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ မြေပြင်အခြေအနေကိုပါ လေ့လာကြည့်မိပါတယ်။ နေပြည်တော်က လာရာ လမ်းတစ်လျှောက်  တွေ့ ခဲ့ရသလိုပါပဲ။ လယ်မြေခြံမြေတွေကို ဖြစ်သလို အိမ်ကွက်ဖော်ဖို့ လုပ်ဆောင်နေကြတာတွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ မြေတွေ အပေါ် ကျူးကျော်မှုတွေ... အချို့ဆို ရေနုတ်ချောင်း မြောင်းတွေထဲအထိ ကျူးကျော်မှုတွေဟာ မမြင်ချင်မှ အဆုံးပါပဲ။ တကယ်လို့များ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လာတဲ့အခါမှာ ဥပဒေကိုမသိနား မလည်ဘဲ ကိုယ်မှန်တယ်ထင်ပြီးလုပ်မိလို့ အရေးယူခံရမယ့် ပြည်သူတွေအတွက်လည်း စိတ်ပူမိပါတယ်။

ဒီလိုအခြေအနေတွေ ဖြစ်ပေါ်နေလို့လည်း ဒီလိုကိစ္စတွေ လျော့နည်းစေဖို့အတွက် ရည်ရွယ်ပြီး အမျိုးသားလွှတ်တော်မှာ အဆိုတစ်ခု တင်ခဲ့ဖူးပါတယ်။ အဆိုလည်း အောင်ခဲ့ပါတယ်။ အဆိုမှာ ပါဝင်တဲ့အကြောင်းအရာကို အနှစ်ချုပ်ပြောရရင်တော့ မြန်မာနိုင်ငံမှာ အခုလို မြေယာနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတာတွေကြောင့် နောင်တစ်ချိန်မှာ အသုံးလိုရင်ရအောင် ချန်လှပ်ထားတဲ့ မြို့ပြနဲ့ ကျေးလက်က မြေလွတ်မြေလပ်တွေ လျော့နည်းပျောက်ဆုံးကုန်တာ၊ အစိုးရပိုင်မြေနဲ့ အဆောက်အဦတွေဟာ အင်မတန်နည်းပါးတဲ့ ငွေကြေးပမာဏလေးနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ သူတို့နဲ့နီးစပ်သူ လုပ်ငန်းရှင်တွေရဲ့လက်ထဲ သက်ဆင်းကုန်တာကြောင့် နိုင်ငံနဲ့ ပြည်သူတွေအတွက် မြောက်မြားစွာသော ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေတာ၊ စိုက်ပျိုးမြေတွေ လျော့နည်း ပျောက်ဆုံးကုန်တာတွေနဲ့ပတ်သက်ပြီး ဆက်စပ်မှု အများဆုံးနဲ့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ကော်သုံးကော်နဲ့ ဆက်စပ်အဖွဲ့အစည်းတွေရဲ့အား နည်းချက်တွေနဲ့ အဂတိတရားမကင်းတဲ့ လုပ်ဆောင်ချက်တွေအပေါ် ထိန်းညှိပေးနိုင်မယ့် အစီအမံတစ်ရပ်ကို အမြန်ဆုံးရေးဆွဲချမှတ် အကောင်အထည်ဖော်ပေးဖို့ အစိုးရကို တိုက်တွန်းထားတဲ့ အဆိုပဲ ဖြစ်ပါတယ်။

 

mdn

 

မီးမောင်းထိုးပြပေးနိုင်ခဲ့

ဒီအဆိုကို ကျွန်တော်လွှတ်တော်တင်တော့ ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးခဲ့သူ ၂၈ ဦး အထိရှိခဲ့ပြီး ဒီအထဲမှာ မြန်မာနိုင်ငံတစ်ဝန်း ဒေသအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင် ဆွေးနွေးကြတဲ့အတွက် တောရောမြို့ပါမကျန် မြန်မာနိုင်ငံ တစ်ဝန်းဖြစ်ပျက်နေတဲ့ မြေယာနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အလွဲများနဲ့ အကျင့်ပျက်မှုများအပေါ် ပီပီပြင်ပြင် မီးမောင်းထိုးပြပေးနိုင်ခဲ့တယ်လို့ ထင်မိပါတယ်။ အစိုးရက စီမံခန့်ခွဲမှုရှိတဲ့မြေတွေကို လက်သင့်ရာ ချထားပေးတာတွေဟာ လက်ရှိအစိုးရလက်ထက်မှာ အများကြီး လျော့ကျသွားတာ တွေ့ရပါတယ်။ တစ်ဖက်မှာ ဒီလိုလျော့ကျသွားပေမယ့် အခြားတစ်ဖက်မှာတော့ စိုက်ပျိုးရေးအတွက် အသုံးပြုရမယ့် မြေတွေပေါ်မှာ လူနေထိုင်ဖို့နဲ့ အခြားနည်းအမျိုးမျိုးနဲ့ အသုံးပြုမှုတွေဟာ ဥပဒေအရရော ဥပဒေ ပြင်ပမှာပါ တစ်စစ တိုးတက်များပြားလာတာကို တွေ့မြင်နေရပါတယ်။ အထူးသဖြင့် မြို့ချင်း၊ ရွာချင်းချိတ်ဆက်ထားတဲ့ လမ်းဘေးတစ်ဖက်တစ်ချက်က စိုက်ခင်းတွေကို လူနေအဆောက်အဦအဖြစ်နဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ပြောင်းလဲသုံးစွဲလာတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကို သက်ဆိုင်ရာ အစိုးရဌာနတွေက ဖိဖိစီးစီး မတားဆီးနိုင်ကြဘူးဆိုရင်တော့ ကားလမ်းနံဘေးတွေမှာ ရွာတန်းရှည်ကြီးတွေဖြစ်ပြီး ယာဉ်တိုက်မှုတွေ တိုးတက်များပြားလာမယ့်အပြင် မော်တော်ယာဉ်တွေနဲ့ ခရီးသွားရာမှာလည်း ခရီးတွင်တော့မှာ မဟုတ်ပါဘူး။

ဒီနေရာမှာ ဥပဒေကို အကောင်အထည် ဖော်လုပ်ဆောင်ရမယ့် အဖွဲ့တွေရဲ့ အားနည်းမှုက အဓိကကျတယ်လို့ ထင်မိပါတယ်။ လက်ရှိပြဋ္ဌာန်းထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ ဥပဒေဟာ ပြီးပြည့်စုံတဲ့ ဥပဒေတစ်ရပ် မဟုတ်သေးပါဘူး။ ဒါကိုတောင် အပြည့်အဝလိုက်ပါ အကောင်အထည်မဖော်နိုင်သေးတာ တွေ့နေရပါတယ်။ ပြဋ္ဌာန်းထားတဲ့ ဥပဒေပုဒ်မတွေကို လက်တွေ့ဖော်ဆောင်ပေးကြရမယ့် အစိုးရ အင်စတီကျူးရှင်းရဲ့ လိုက်ပါအကောင်အထည် ဖော်ဆောင်ပေးနေတဲ့ ဝန်ထမ်းတွေအကြားမှာလည်း ရိုးသားသူတွေရှိသလို မရိုးမသားနဲ့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဆောင်ရွက်နေကြ သူတွေကိုလည်း မြင်တွေ့နေရပါတယ်။

ဥပဒေကို ချိုးဖောက်ဆောင်ရွက်မိရင် အရင်ဆုံးခံရမှာက ဥပဒေကို အကျွမ်းတဝင်မရှိ လှတဲ့ ကျွန်တော်တို့ပြည်သူတွေပဲ ဖြစ်တဲ့အတွက် တည်ဆဲ၂၀၁၂ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများဥပဒေနဲ့ ၂၀၁၂ လယ်ယာမြေ ဥပဒေထဲက သိလွယ်မြင်လွယ် ဥပဒေပုဒ်မအချို့ ကို အနည်းငယ် ရှင်းပြလိုပါတယ်။ ပထမဆုံးသိထား သင့်တာက ဒီဥပဒေအရ မြေလွတ်၊ မြေလပ်ကို လျှောက်ထားရာမှာ သီးနှံစိုက်ပျိုးဖို့အတွက်သာ လျှောက်ထားရယူနိုင်တယ် ဆိုတာကိုပဲ ဖြစ်ပါတယ်။ လျှောက်ထားရယူထားသူများဟာ မိမိ လျှောက်ထားတဲ့မြေကို အခြားနည်းသုံးစွဲခွင့် လုံးဝမရှိပါဘူး။ အခြားနည်းသုံးစွဲခွင့်ဆိုတာ ၂၀၁၂ လယ်ယာမြေဥပဒေထဲမှာသာ ပါဝင်တာ ဖြစ်ပါတယ်။ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ ဥပဒေအရ မိမိလျှောက်ထားရယူထားတဲ့မြေကနေ တည်ငြိမ်တဲ့သီးနှံထွက်ကုန်တွေ ထွက်ရှိလာပြီဆိုတဲ့အခါမှသာ အဲဒီမြေကို လယ်ယာမြေ ဥပဒေပုဒ်မ ၃၄ အရ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ခွင့်ရှိပါတယ်။ အဲဒီလို လယ်ယာမြေ ဖြစ်သွားတဲ့အခါမှသာ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ အခြားနည်းသုံးစွဲခွင့်ကို လျှောက်ထားနိုင်ခွင့်ရှိတာဖြစ်ပါတယ်။

ဒါကိုလည်းမြေလွတ်၊ မြေလပ်လုပ်ပိုင်ခွင့်ရရှိထားသူ လိုက်နာရမယ့် စည်းကမ်းချက်များထဲ က ပုဒ်မ ၁၆၊ ပုဒ်မခွဲ (က)မှာ “ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားနဲ့ ဆက်စပ်လုပ်ငန်းများကိုသာ ဆောင်ရွက်ရမယ်” ဆိုပြီး အတိအလင်း ဖော်ပြထားပါတယ်။ ဆိုလိုတာကတော့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေကို စိုက်ပျိုးဖို့ကလွဲပြီး အခြားကိစ္စတွေသုံးဖို့ ဒီဥပဒေအရ လျှောက်ထားရယူခွင့် ပြုမထားပါဘူး။ ဒါပေမယ့် အချို့သူတွေဟာ ခွင့်ပြုချက် စတင်လျှောက်ထားလာကတည်းက အခြားရည်ရွယ်ချက်အတွက် လျှောက်ထားကြတာဆိုတော့ အပင်စိုက်ဖို့ မြေပြင်သလိုလိုနဲ့ အိမ်ကွက်တွေအဖြစ် ကြိုစိတ်ထားပြီး ရောင်းဖို့ကြော်ငြာနေတာမျိုးတွေဟာ ဥပဒေကို ချိုးဖောက် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဥပဒေအရအရေးယူလာရင် မိမိသာ ခံရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ချပေးတဲ့ အဖွဲ့အစည်း အဆင့်ဆင့်အနေနဲ့လည်း ဒီလိုကိစ္စတွေအပေါ် ဥပဒေနဲ့ မညီတာမျိုးကို ပြန်လည်စိစစ်ကြပ်မတ် စေလိုပါတယ်။

ဒီဥပဒေရဲ့ ပုဒ်မခွဲ(ဂ)မှာ ဆိုရင်လည်း “ခွင့်ပြုထားတဲ့မြေကို အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ပေါင်နှံတာ၊ ပေးကမ်းတာ၊ ရောင်းချတာ၊ အငှားချတာ၊ ခွဲစိပ်တာတွေနဲ့ အခြားနည်းနဲ့ လွှဲပြောင်းတာ မပြုလုပ်ရ” လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဆိုလိုတာက မိမိရဲ့မြေဟာ လယ်ယာမြေအဖြစ် အမည်မပေါက်သေးဘဲ ပုဒ်မပါအချက်တွေကို လုပ်မိရင် ဥပဒေကို ချိုးဖောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ဒီလိုဖြစ်ရပ်အတွက် ၂၀၁၈ ခုနှစ် ပြန်လည်ပြင်ဆင်ထားတဲ့ ဥပဒေပုဒ်မ ၂၉-က ပုဒ်မခွဲ (က) အရ အရေးယူခံရမယ်ဆိုရင် နေရင်းထိုင်ရင်းနဲ့ ထောင်ဒဏ်နှစ် နှစ် (သို့မဟုတ်) ဒဏ်ငွေ ၁၀ သိန်း၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်တဲ့အတွက် သတိပြုရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေ မလုပ်မိစေဖို့ ဥပဒေနဲ့အညီ ထိန်းသိမ်းရမယ့် အဖွဲ့အစည်းတွေက ပြည်သူတွေကို အသေအချာ ရှင်းပြသင့်ပါတယ်။

အချို့တွေကျတော့လည်း ဒီဥပဒေမထွက်ခင်ကတည်းက ခြံစိုက်ထားပြီးသားဖြစ်ပေမယ့် အိမ်ခြံမြေတွေ ဈေးကောင်းလာတာကြောင့် အိမ်မြေကွက်စိတ်ရောင်းတဲ့အခါမှာ တရားဝင်ဖြစ်အောင်ဆိုပြီး မြေလွတ်မြေလပ် ပြန်လျှောက်နေကြတာ တွေလည်း ရှိနေတာ တွေ့မြင်နေရပါတယ်။ ဒါဟာ လည်း ပြစ်ဒဏ်ကို လက်ယပ်ခေါ်သလို ဖြစ်နေတဲ့အတွက် အထူးသတိပြုကြစေလိုပါတယ်။

နောက်တစ်ခုက ပုဒ်မခွဲ (စ) ဖြစ်ပါတယ်။ ဒီ ပုဒ်မမှာ ပါတာက “ခွင့်ပြုချက်ရယူထားသော လုပ်ငန်းမှအပ မြေပေါ်မြေအောက်ရှိ အခြားသယံဇာတ ပစ္စည်းများကို ထုတ်ယူခြင်းမပြုရ” ဆိုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်သူအများစုက ကိုယ့်ခြံထဲကပစ္စည်းအားလုံး ကိုယ့်ပစ္စည်းပဲလို့ လွယ်လွယ်တွေးပြီး လွယ်လွယ်လုပ်နေကြတာတွေကို တွေ့နေရပါတယ်။ မိမိခြံထဲမှာ ဂဝံမြေရှိတော့ အဲဒီဂဝံမြေကို ကိုယ်ပိုင်ပစ္စည်းအမှတ်နဲ့ တူးရောင်းနေတာ၊ ကျောက်မိုင်းလုပ်ပြီး ကျောက်ထုတ်နေ ကြတာတွေကိုလည်း သွားရင်းလာရင်း တွေ့နေရတော့ ဒီဥပဒေ ပြဋ္ဌာန်းထားတာကိုလည်း သိဟန်မတူဘူးလို့ထင်မိသလို တစ်ဖက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားဆီးပညာပေးတာတွေလည်း မတွေ့ရပါဘူး။ ဒီနေရာမှာ သယံဇာတဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဒီဥပဒေထဲမှာ မတွေ့ရပေမယ့် သယံဇာတဆိုတာဟာ လူသားတွေ ဖန်တီးလုပ်ယူထားတဲ့  အရာမဟုတ်ဘဲ ကမ္ဘာမြေကြီးရဲ့ သဘာဝဖြစ်စဉ်နဲ့အတူ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့အရာလို့ ယေဘုယျ သတ်မှတ်ထားလေတော့ ဒါတွေဟာ တန်ဖိုးမကြီးမြင့်ပေမယ့် သယံဇာတ လို့ အဓိပ္ပာယ်သတ်မှတ်လို့ ရနေပါတယ်။ တကယ်လို့များ အဲဒီလို သတ်မှတ်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုးအတွက် ထောင်ဒဏ်ခုနစ်နှစ်အထိ ကျခံရနိုင်ပြီး ငွေဒဏ်လည်း အရိုက်ခံရနိုင်တဲ့အတွက် ဒါဟာလည်း အထူးသတိထားရမယ့် ပုဒ်မဖြစ်ကြောင်း တင်ပြလိုပါတယ်။

လက်တွေ့မြေပြင်မှာ တကယ်ဖြစ်နေတာတွေက ဒီကဏ္ဍတစ်ခုတည်း မဟုတ်ဘဲ သစ်ထုတ်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ကျောက်မျက်သယံဇာတ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်း စတာတွေ မှာလည်း ဥပဒေနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေအကြား ဒီသဘောအတိုင်းပဲ ဖြစ်နေတာ တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ ဥပဒေကို အကောင်အထည်ဖော် ပေးရမယ့် ဝန်ထမ်းကိုယ်တိုင်က  ဥပဒေကိုမလိုက် နာဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အဂတိတရားနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုလည်း တွေ့နေရပါတယ်။

ခုအချိန်မှာ မြန်မာနိုင်ငံတစ်လွှား အလုပ် အကိုင်အခွင့်အလမ်း ကောင်းတဲ့နေရာကို ရှာဖွေပြီး သွားလာနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်မှု များပြားလာတာကြောင့် မြေလွတ်၊ မြေလပ်တွေဟာ အဲဒီဒေသတွေမှာ တစ်နေ့တခြား ရှားပါးလာနေပါတယ်။ အထူးသဖြင့် လမ်းဘေးနားကပ်နေတဲ့ မြေတွေဟာ စီးပွားရေးလုပ်ကိုင်ဖို့ အခွင့်အလမ်း သာတဲ့အတွက် မြေတန်ဖိုးတွေဟာလည်း တစ်နေ့တခြား မြင့်တက်လျက်ရှိတာကို တွေ့ရပါတယ်။ ဒီအခါမှာ ဒီလမ်းဘေးမြေတွေကို မရမက လိုချင်နေတဲ့ စီးပွားရေးသမားတွေနဲ့ လုပ်ပိုင်ခွင့် ရှိသူတွေအကြား ပူးပေါင်းမိသွားကြပြီး ဥပဒေကို မလိမ့်တစ်ပတ်နဲ့ ချိုးဖောက်ဖို့ ကြိုးစားနေတာ တွေလည်း ရှိနေဆဲပဲဖြစ်ပါတယ်။

အားလုံးကို ခြုံငုံပြီးပြောရရင်တော့ မူလကတည်းက မြေယာကိစ္စတွေဟာ ကြီးမားကျယ် ပြန့်လှတဲ့အပြင် မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ရိုးရာဓလေ့ထုံးစံပေါင်းစုံတွေ အားလုံးနဲ့ လိုက်လျောညီထွေရှိမယ့် မြေယာမူဝါဒတွေ၊ ဥပဒေတွေ ဖြစ်ပေါ်လာစေဖို့အတွက်ဆိုရင် လက်ရှိဥပဒေတွေကို ပြင်ဆင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။ ဥပဒေများဟာ တည်ဆဲ ဖြစ်နေတယ်ဆိုရင် လိုအပ်ချက်တွေ ရှိနေသော်ငြားလည်း လိုက်နာရမှာပဲ ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်မိရင် မသိနားမလည်လို့ဆိုပြီး ဥပဒေက လွတ်ငြိမ်းခွင့်ပေးတာမျိုး မရှိတာကြောင့် မြေယာနဲ့ ဆက်စပ်ပတ်သက် လုပ်ကိုင်နေရသူများအနေနဲ့ မိမိတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တတ်နိုင်သလောက် လေ့လာထားသင့်ပါကြောင်း တိုက်တွန်းရေးသား လိုက်ရပါတယ်။ ။

မြန်မာ့အလင်း