သရက်ချောင်း  ၁၇   သြဂုတ် 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော အများပြည်သူပန်းဖြေလျက်ရှိသည့် သရက်ချောင်းရေတံခွန်အတွင်း သန့်ရှင်းသာယာစေရေးနှင့် အနယ်နယ်အရပ်ရပ် မှ ရေကစားလာသူများ စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရေးအတွက် ယနေ့ နံနက် ၇ နာရီတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယု ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများ ပူးပေါင်း၍ ရေတံခွန်အတွင်းရှိ အမှိုက်များ၊ချုံနွယ်ပိတ်ပေါင်းများ၊ပေါင်းမြက်များ၊တံတားအောက်ရှိပိတ်မိနေတဲ့အမှိုက် သရိုက်များအား ရှင်းလင်းခြင်းလုပ်ငန်းနှင့် ရေတံခွန် ပတ်ဝန်းကျင်သန့်ရှင်းရေးများကို နံနက် ၇နာရီမှ ၈နာရီအထိ စနစ်တကျ ရှင်းလင်းဖယ်ရှားခြင်းများ စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ရေတံခွန်တွင် ရေကစားသူပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့်စိတ်ချမ်းမြေ့စွာ ရေကစားနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြို့နယ်အတွင်း အဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သရက်ချောင်း(ပြန်/ဆက်)