အမာရွတ်ကုသမှုအတွက် ပါးစပ်ပြောရာဇဝင်တွေနဲ့ မှားယွင်းနေသာ အချက် (၅)ချက်

ရေးသားသူ Wathun Myat Chal

ဆေးပညာဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win.

ဝက်ခြံတွေဟာ အဖြစ်များတတ်ပြီး စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေတစ်ခုပါ။ ဘာလို့လဲ ဆိုတော့ ဒါကသင့်ရဲ့အလှအပနဲ့ ပုံပန်းသဏ္ဍာန်ကို ထိခိုက်စေတယ်မဟုတ်လား။ ဝက်ခြံတွေကိုကုသတဲ့အခါ သင့်အရေပြားပေါ်မှာ အမာရွတ်တွေကျန်ခဲ့နိုင်ပါတယ်။ အမာရွတ်တွေဟာ ဒုတိယမြောက် ပြစ်ဒဏ်တစ်ခုလိုပါပဲ။

 

ဒါကြောင့် လူတွေက သူတို့ပျောက်ကင်းစေဖို့ ပါးစပ်ရာဇဝင်တွေကိုလိုက်ပြီး နည်းလမ်း အမျိုးမျိုး ကြိုးစားကြတာပါ။ ဝက်ခြံအမာရွတ်တွေ ကုသခြင်းအတွက် အယူအဆမှားတွေနဲ့ ပါးစပ်ရာဇဝင်တွေ ဘယ်လောက်ထိ မှန်နိုင်တယ်ဆိုတာကို ဖော်ထုတ်ကြည့်ရအောင်…

 

ပါးစပ်ရာဇဝင် (၁) ။ ။ နေရောင်ထဲကို အကာအကွယ်မပါဘဲ ထွက်တာက အမာရွတ်တွေကို သက်သာစေပါတယ်။

အယူအဆအမှား။ ။ အချို့သူတွေကတော့ နေရောင်ဟာ ဝက်ခြံအမာရွတ်တွေအတွက် ကောင်းတယ်လို့ဆိုပါတယ်။ နေရောင်ခြည်နဲ့ ဝက်ခြံအမာရွတ်တွေနဲ့ ထိတွေ့တာဟာ ပန်းရောင်အမာရွတ်တွေကို အညိုရောင်ဖြစ်စေပြီး အသားရောင်နဲ့ ရောထွေးသွားစေတယ်လို့ ဆိုပါတယ်။

 

အမှန်။ ။ ဒါပေမဲ့ နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်တွေဟာ အရေပြားအောက်မှာရှိတဲ့ melanocytes (ရောင်ခြယ်ပစ္စည်း)တွေကို လှုံ့ဆော်ပေးပြီး အမာရွတ်တွေကို မဲစေကာ ပျောက်ကင်းနှုန်းကို နှေးကွေးစေပါတယ်။ နေရောင်ထဲကို ထွက်ခြင်းကလည်း နေလောင်တာမျိုးနဲ့ အရေပြားကင်ဆာဖြစ်နိုင်ချေတွေကို တိုးလာစေပါတယ်။

 

အဖြေ။ ။ဒါကြောင့် သင့်အသားအရေကို နေရောင်ကြောင့်ပျက်စီးခြင်းကနေ ကာကွယ်သင့်ပါတယ်။ နံနက် ၁၀နာရီကနေ နေ့လည် ၂ နာရီအတွင်း အပြင်မထွက်ပါနဲ့။ အပြင်မထွက်ခင်မှာလည်း နေရောင်ကာဆေးတွေ လိမ်းထားသင့်ပါတယ်။ ဒီလိမ်းဆေးမှာ အနည်းဆုံးတော့ SPF 30 ပါဝင်ရမှာပါ။ တကယ်လို့ နေရောင်ထဲမှာ ကြာကြာနေရမယ်ဆိုရင် SPF ပိုမြင့်တဲ့ နေရောင်ကာဆေးလိမ်းပါ။ Broad- spectrum sunscreen တွေက သင့်အသားအရည်ကို UVA နဲ့ UVB ဒဏ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

နေရောင်ကာလိမ်းဆေးတွေကလည်း သင့်အသားအရည်ကို ၁၀ဝ ရာခိုင်နှုန်း အပြည့်အဝ ကာကွယ်မပေးနိုင်တာကြောင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်နဲ့ မျက်နှာဖုံးတွေ၊ ဦးထုပ်တွေကို နေရောင်ထဲထွက်တိုင်း ဝတ်ဆင်ပေးပါ။

 

ပါးစပ်ရာဇဝင် (၂) ။ ။ အမာရွတ်ပေါ်မှာ ဗီတာမင်အီး လိမ်းတာက အမာရွတ်တွေ ပျောက်ကွယ်သွားစေပါတယ်။

အယူအဆအမှား။ ။ ဗီတာမင်အီးဟာ အမာရွတ်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် ကောင်းမွန်လာ စေပါတယ်။

 

အမှန်။ ။ အမာရွတ်ပေါ်မှာ ဗီတာမင်အီးကို တိုက်ရိုက်လိမ်းခြင်းဟာ အမာရွတ်ပုံသဏ္ဍာန်ကို ကွယ်ပျောက်စေဖို့တော့ မတတ်နိုင်ပါဘူး။ ပျောက်ကင်းနှုန်းကိုတောင် ပိုပြီးကြာမြင့်စေ သေးတဲ့အပြင် အရေပြားရောင်ရမ်းမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။

 

အဖြေ။ ။ အမာရွတ်တွေကို ပျောက်ကင်းစေနိုင်တာ သေချာတဲ့ အချို့သောအရာတွေကို စမ်းသုံးကြည့်ပါ။ ဥပမာ–ဗီတာမင်စီ တို့လိုမျိုးပေါ့ ဗီတာမင်စီဟာ  ဒဏ်ရာတွေကို ပျောက်ကင်း  စေနှုန်းကို မြန်စေပြီး အမာရွတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတဲ့ antioxidant တွေပါ။

 

ပါးစပ်ရာဇဝင် (၃)။ ။ အမာရွတ်ကို လေနဲ့ထိတွေ့စေတာက ပျောက်ကင်းမှုကို ပိုပြီးမြန်ဆန်စေပါတယ်။

အယူအဆအမှား။ ။ အမာရွတ်ကို လေသလပ်ခံတာက အမာရွတ်ကို ပျောက်ကင်းစေပါတယ်။

 

အမှန်။ ။ အမာရွတ်တွေဟာ သင်က မှန်မှန်ကန်ကန် အစိုဓာတ်ဖြည့်ပေးတဲ့အချိန်တွေမှာ ပိုပြီး ပျောက်ကင်းလွယ်ပါတယ်။ အမာရွတ်တွေကိုဖုံးအုပ်ထားတာက သူတို့ကို အညစ်အကြေး၊ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောင်ရမ်းခြင်းတွေကနေ ကာကွယ်နိုင်ပြီး ရေဓာတ်အမြဲဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။

 

အဖြေ။ ။ သူတို့ကို ဆေးပလာစတာကပ်ထားပေးပါ။ သူ့ကိုသန့်ရှင်းနေဖို့နဲ့ ရေဓာတ် ပြည့်နေစေဖို့အတွက် ပဋိဇီဝလိမ်းဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

 

ပါးစပ်ရာဇဝင် (၄)။ ။ အမာရွတ်တွေဟာ ကုသမှုမလိုဘဲ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကင်းသွားမှာပါ။

အယူအဆအမှား။ ။ အမာရွတ်တွေကို ကုသဖို့မလိုပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကင်းသွားမှာပါ။

 

အမှန်။ ။ Keloid အမာရွတ်တွေ၊ hypertrophic အမာရွတ်တွေနဲ့ ပိုးဝင်သွားတဲ့ ဝက်ခြံတွေကြောင့်ဖြစ်လာတဲ့ အမာရွတ်တွေကတော့ သေချာမကုသရင် ပျောက်ကင်းမှာ မဟုတ်ပါဘူး။

 

အဖြေ။ ။ အချို့သော အမာရွတ်အမျိုးအစားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခွဲစိတ်ကုသမှု ဒါမှမဟုတ် အလင်းကုထုံးလို အရာမျိုးတွေက အမာရွတ်တွေပျောက်ကင်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ အချို့သော အမာရွတ်တွေက လုံးဝပျောက်ကင်းသွားမှာမဟုတ်ပါဘူး။ ကုသမှုတွေက သူတို့ကို မှေးမှိန်သွားအောင်ပဲ ပြုလုပ်နိုင်တာပါ။

 

ပါးစပ်ရာဇဝင် (၅) ။ ။ အနာဖေးခွာတာက အမာရွတ်တွေကို သေးငယ်သွားစေပါတယ်။

အယူအဆအမှား။ ။အနာဖေးတွေခွာတာက ဝက်ခြံတွေကို ပိုပြီးမြန်မြန်ပျောက်ကင်းသက်သာ စေပြီး အမာရွတ်တွေကိုလည်း သေးငယ်သွားစေမယ်လို့ သင်ကထင်ကောင်းထင်နေပါ လိမ့်မယ်။

 

အမှန်။ ။ ဝက်ခြံကို ဖောက်လိုက်ပြီးတဲ့နောက်မှာ သင့်ခန္ဓာကိုယ်က အမာရွတ်တွေကို စတင်ပြီး ကုသပါတော့တယ်။ သွေးဖြူဥဆဲလ်တွေဟာ ဒဏ်ရာရှိတဲ့နေရာကိုသွားပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်ပေးပါတယ်။ သွေးနီဥတွေနဲ့ fibrin တွေကတော့ သွေးခဲလေးတွေကို အနာရှိတဲ့နေရာမှာ ဖန်တီးပြီး ဒီအဆင့်ပြီးရင်တော့ အမာရွတ်တွေ ဖြစ်ပေါ်လာပါတယ်။

 

တကယ်လို့များ သင်ကအနာဖေးကို ခွာလိုက်တယ်ဆိုရင် သင်ကဒီဒဏ်ရာကို ပြန်ဖြစ်စေလိုက်သလိုပါပဲ။ ဒဏ်ရာကိုဖုန်နဲ့ အညစ်အကြေးတွေ ဘက်တီးရီးယားတွေနဲ့ ပြန်လည်ထိတွေ့စေလိုက်ပါတယ်။ ဒါကပိုကြီးစေပြီး အမာရွတ်ကိုလည်း ပိုဆိုးသွားစေပါတယ်။

 

အဖြေ။ ။ အနာဖေးတွေကိုမခွာပါနဲ့။ သဘာဝအတိုင်းသာ ပျောက်ကင်းသွားပါစေ။ ဒါတွေပြီးရင်တော့ ရက်အနည်းငယ်အကြာမှာ သူ့လိုလို ပျောက်ကင်းသွားပါလိမ့်မယ်။

 

ဝက်ခြံအမာရွတ်တွေကို ကုသခြင်းဟာ ဝက်ခြံကုသတဲ့အဆင့်တွေထဲက ဒုက္ခအရောက်ဆုံး အဆင့်ပါပဲ။ ဒါပေမဲ့ ဆေးပညာအရ အသိအမှတ်ပြုထားတဲ့ နည်းလမ်းတွေကို လိုက်နာခြင်းကသာ စိတ်ချရပြီး ထိရောက်တဲ့ကုသခြင်းလမ်းစဉ် ဖြစ်ပါလိမ့်မယ်။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်"