သီဟစည်သူ
၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အာဖရိကတွင် ကြံ့ကောင်ရေ ၂၇၀၇ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ယင်းတို့ အနက် ၉၀ ရာခိုင်နှုန်းမှာ တောင်အာဖရိကရှိ ကရူဂါအမျိုးသားဥယျာဉ်အတွင်းမှ ဖြစ်ကြောင်း သိရသည်။ တောင်အာဖရိက ဒေသတွင် ကမ္ဘာ့ကြံ့ကောင်ရေ၏ ၈၀ ရာခိုင်နှုန်းနီးပါး ကျက်စားလျက်ရှိသည်။
အာဖရိကတွင် ကြံ့မှောင်ခိုကူးမှုနှုန်းသည် ၂၀၁၅ ခုနှစ်တွင် စုစုပေါင်းကောင်ရေ ၏ ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ် တွင် ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ကန့်သတ်ချက်များကြောင့် အာဖရိကနိုင်ငံ အများအပြားသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် ကြံ့မှောင်ခိုဖမ်းဆီးမှု နှုန်း သိသိသာသာ လျော့ကျလာခဲ့သည်။
တရားမဝင်မှောင်ခိုလုပ်ငန်းများ
တောင်အာဖရိကသည် ၂၀၂၀ ပြည့်နှစ်အတွင်း ကြံ့ကောင်ရေ ၃၉၄ ကောင်ကို ဆုံးရှုံးခဲ့ရပြီး ကင်ညာ၌ ထိုနှစ်အတွင်း ကြံ့မှောင်ခိုမှုမရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ခရီးသွားလာမှု ကန့်သတ်ချက်များ ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အချို့သောပြည်နယ်များသည် တရားမဝင်မှောင်ခိုလုပ်ငန်းများ တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကတွင် ကြံ့ ၄၅၁ ကောင်နှင့် ကင်ညာတွင် ခြောက်ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ယင်းပမာဏသည် ၂၀၁၅ ခုနှစ် အတွင်း တောင်အာဖရိကတစ်နိုင်ငံတည်းတွင် အမဲလိုက်သတ်ဖြတ် ခံခဲ့ရသည့် ကြံ့အရေအတွက် ၁၁၇၅ ကောင်နှင့်နှိုင်းစာလျှင် သိသိသာသာ လျော့ကျခဲ့ခြင်းဖြစ်သည်။ အာဖရိကရှိ ကြံ့ကောင်ရေသည် ၂၀၁၈ ခုနှစ်တွင် ၂၃၅၆၂ ကောင်မှ ၂၂၁၃၇ ကောင်သို့ နှစ်စဉ် ၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ကျဆင်းလာခဲ့သည်။ အဆိုပါ ကာလအတွင်း မျိုးသုဉ်းရန် ခြိမ်းခြောက်ခံထားရသော မျိုးစိတ်များစာရင်းတွင် ပါဝင်သည့် ကြံ့ဖြူအရေအတွက်မှာ ၁၈၀၆၇ ကောင်မှ ၁၅၉၄၂ ကောင်အထိ ၁၂ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုဈေးကွက်
သို့သော်လည်း ကြံ့နက်အရေအတွက် မှာ ၆၁၉၅ ကောင် (၁၂ ရာခိုင်နှုန်း) အထိ တိုးတက်လာခဲ့သည်။ IUCN က မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အကြား တရားမဝင်ကုန်သွယ်မှု စျေးကွက်သို့ ပျမ်းမျှအားဖြင့် ကြံ့ချို ၅၇၅ ခုနှင့် ၉၂၃ ခု အကြား နှစ်စဉ်ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ၂၀၁၇ ခုနှစ်အကြား တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် ကြံ့ချို ၂၃၇၈ ခု ရောက်ရှိခဲ့မှုနှင့် နှိုင်းစာပါက တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများ ကျဆင်းလာသည်ဟု အကြမ်းဖျင်းယူဆနိုင်သည်ဟု ခန့်မှန်းထားသည်။
မျိုးသုဉ်းလုနီးပါးအန္တရာယ်
အိန္ဒိယနှင့် နီပေါတွင် အဓိကအားဖြင့် တွေ့ရှိရသည့် ချိုတစ်ချောင်းကြံ့အရေအတွက်နှင့် မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် ဂျာဗားကြံ့အရေအတွက်သည် ၂၀၁၇ ခုနှစ်မှ စတင်ကာ ကောင်ရေတိုးတက်လာကြောင်း IUCN က ဆိုသည်။ ခိုင်မာသော ဥပဒေစောင့်ရှောက်မှုများ အပါအဝင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများကြောင့် အိန္ဒိယနှင့် နီပေါတွင် ချိုတစ်ချောင်းကြံ့ အရေအတွက်သည် ၂၀၁၈ ခုနှစ်တွင် ခန့်မှန်းခြေ ၃၅၈၈ ကောင်ရှိရာမှ ၂၀၂၁ ခုနှစ်အကုန်တွင် ၄၀၁၄ ကောင်အထိ တိုးလာခဲ့သည်။ ထို့အတူ ဂျာဗားကြံ့ စုစုပေါင်းကောင်ရေမှာလည်း ၂၀၁၈ခုနှစ်တွင် ၆၅ ကောင်မှ ၆၈ ကောင်ကြားရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် ကုန်တွင် ၇၆ ကောင်အထိ တိုးမြင့်လာခဲ့သည်။
သို့သော် IUCN ၏ မျိုးသုဉ်းပျောက်ကွယ် လုနီးပါး သတ်မှတ်ခံထားရသည့် ကြံ့မျိုးစိတ်အားလုံးအနက် အသေးငယ်ဆုံး ဖြစ်သော ဆူမားတြားကြံ့ အရေအတွက် သည် ၂၀၁၈ ခုနှစ်တွင် အကောင်ရေ ၄၀ မှ ၇၈ ကောင်အထိ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ် တွင် ၄၇ ကောင်မှ ၃၄ ကောင်အထိသာ နီပေါနှင့် အိန္ဒိယနိုင်ငံတို့တွင် ကျန်ရှိတော့ကြောင်းသိရသည်။ ဆူမားတြားကြံ့များသည် တစ်ချိန်က ဘူတန်ရှိအရှေ့ဟိမဝန္တာ တောင်တန်းများနှင့် အိန္ဒိယအရှေ့ပိုင်း၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ တို့ကိုဖြတ်၍ မလေးကျွန်းဆွယ် တောင်ပိုင်းတို့အထိ လှည့်လည်ကျက်စားခဲ့သည်။ ယနေ့အခါတွင် ကမ္ဘာလုံးဆိုင်ရာ သဘာဝနှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ (WWF)၏ အဆိုအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆူမားတြားကြံ့ကောင်ရေ ၈၀ အောက်သာ ကျန်ရှိတော့ပြီး အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းနှင့် ဘော်နီယိုကျွန်းတို့တွင်သာ ကျက်စားလျက်ရှိသည်။
IUCN ၏ အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်မှစတင်၍ အာရှဒေသတွင် ကြံ့မှောင်ခိုကူးမှု ၁၁ မှု ဖမ်းဆီးရမိခဲ့ပြီး မှောင်ခိုရောင်းဝယ်မှုအတွင်း ချိုတစ်ချောင်းရှိ ကြံ့များ အသတ်ခံခဲ့ရကာ အိန္ဒိယတွင် ၁၀ မှုနှင့် နီပေါတွင် တစ်မှုရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။