၁၃ သြဂုတ်
ယခုရာ သီကာလတွင် သဘာဝဘေးအန္တရာယ်များကို မြန်မာနိုင်ငံသာမက အခြားနိုင်ငံများတွင်လည်း ကြုံတွေ့ ခံစားနေကြရသည်။ အချို့ဒေသများတွင် ပြည်သူများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရသည်။ ပြည်သူအချို့ အသက်သေဆုံးမှုဖြစ်ခဲ့သည်ကို ကြားသိရပေသည်။ ယခုသဘာဝဘေးမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံဖြစ်ခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်သည်။
ကမ္ဘာပေါ်တွင် ကျရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်သည်ရာ သီဥတုဖောက်ပြန်ခြင်းကြောင့် မဟုတ်ဘဲ ရာသီဥတုပြောင်းလဲလာခြင်းကြောင့် ဒေသအားလုံးတွင် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အန္တရာယ်ဖြစ်လာသဖြင့် ပြည်သူများအနေဖြင့်ရော သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်ပါ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်မြော်တွေးသုံးသပ်ပြင်ဆင်ကာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေးကို အလေးထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
ရေကြီးရေလျှံမှုနှင့် မိုးကြီးလေထန်မှုကြောင့် ဖြစ်ပွားရသော မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှဖြစ်စဉ်များကို လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် လူအသေအပျောက်များခြင်း၊ နည်းခြင်းအကြောင်းရင်းမှာ ကြိုတင်သတိပေးခြင်း၊ သတိမမူနေထိုင်မိခြင်းတို့ကြောင့် မမျှော်လင့်ဘဲ အသက်သေဆုံးရခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းစာလျှင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုများမှာ မကြီးမားဟု ဆိုချင်ပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်များသေဆုံးရမှုများမှာ တောင်ပြို၊ မြေပြိုမှုဖြစ်စဉ်များကြောင့် လူ့အသက်များဆုံးရှုံးရသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ အခြားနိုင်ငံများတွင် သဘာဝဘေး ထိခိုက်မှုဧရိယာ ကြီးမားကျယ်ပြန့်သော်လည်း အသက်သေဆုံးမှုနည်းပါးအောင် ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ထားသည်။ မြန်မာနိုင်ငံတွင်သဘာဝဘေးကြောင့် လူသေဆုံးမှုများနိုင်သော်လည်း ဖြစ်စဉ်တစ်ခုချင်းအလိုက် သေဆုံးမှုများခြင်းမှာ သတိမမူခြင်းနှင့် ကြိုတင်ပြင်ဆင်အသိပေးမှု အားနည်းခြင်းကြောင့်ဖြစ်ရသည်ဟု ဆိုနိုင်ပါသည်။
ယခုသဘာဝဘေးရာသီကာလတွင် ထိခိုက်သေဆုံးမှုအများဆုံး ဖြစ်ခဲ့ရသည့် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဟင်နရီဗန်ထီးယူ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးစဉ် မမျှော်လင့်သည့် သဘာဝဘေးအန္တရာယ်များ ထပ်မံမကြုံတွေ့ရအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ သတိတရားဟူသည် ပိုသည်မရှိသဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမြဲသတိရှိစေရန် အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ အမြဲဆောင်ရွက်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ပြည်သူများအား မှာကြားခဲ့သည်။
သဲဖြူကုန်းကျေးရွာတွင် ပြီးခဲ့သည့်ရက်က မမျှော်လင့်ဘဲ တောင်ပြိုကျမှုကြောင့် တောင်ခြေရှိ ကျေးရွာနေအိမ်များပေါ်သို့ မြေများပိကျခဲ့ပြီး အိမ်ထောင်စုဝင် မိသားစုအများအပြား အသက်သေဆုံးခဲ့ရသည့် သတင်းကို စိတ်မချမ်းမြေ့ဖွယ်ကြား သိခဲ့ရသည်။ မွန်ပြည်နယ် ပေါင်မြို့နယ်တွင်တောင်မြေပြိုကျမှု ငါးနေရာဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက သဲဖြူကုန်းကျေးရွာ တောင်မြေပြိုကျမှုကြောင့် လတ်တလော အသက်သေဆုံးသူ ၅၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူများကိုဆက်လက်ရှာဖွေနေသည်။
မြန်မာနိုင်ငံအတွင်းရှိ တောတောင်များအနီး တောင်ခြေများတွင်ကျေးရွာများတည်ထောင်နေထိုင်တတ်ကြရာ ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကျဆင်းခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်းတို့နှင့် မြေသားများ ပျော့ဆင်းမှုရှိလာသောအခါ တောင်ပြိုကျနိုင်သည့် အန္တရာယ်ရှိသည်ကို သတိပြုရမည်ဖြစ်သည်။ ယင်းကို ကျေးရွာနေပြည်သူများအနေဖြင့် သတိထားရမည်ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ကြိုတင်အသိပညာပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက ကြိုတင်ပြောင်းရွှေ့ နေရာချထားပေးခြင်းတို့ကို ပြုလုပ်သင့်ပေသည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ဟူသည် မမျှော်လင့်ဘဲဖြစ်လာနိုင်၍ တောင်ခြေ၊ တောင်စောင်း၊ တောင်ဆင်းတို့တွင် နေထိုင်ကြသောပြည်သူများအနေဖြင့် အမြဲသတိရှိပြီး အသိပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ