မင်းလပြည့်

 

မြူနှင်းဖွေးဖွေးများက တောင်တန်းများအပေါ် လေနှင့်အတူ လွင့်မျောလွှမ်းခြုံနေသည်။ တောင်တန်းများက မြောက်မှတောင်သို့ တံတိုင်းသဖွယ် မြင့်မားစွာ တည်ရှိနေသည်။ ထင်းရှူး၊ ချယ်ရီ၊ တောင်ဇလပ်သစ်ပင်မျိုးစုံက တောင်တန်းများပေါ်တွင် ရှုမျှော်မဆုံး ပေါက်ရောက်နေကြသည်။ တောင်ထိပ်တွင် သွပ်အုတ်ဖြင့် ရောင်စုံခြယ်ဆောက်လုပ်ထားသည့် အိမ်ကလေးများမှာ ညအမှောင်ထဲတွင် မမြင်ရတော့။ ရောင်စုံမီးပွင့်လေးများ ထွန်းထားသော အိမ်လေးများမှာ တောင်ထိပ်ပေါ်တွင် လင်းလက်နေသည်။ လူမှုဘဝ မြင့်မားစေသည့် လျှပ်စစ်မီးကြောင့် ချင်းပြည်နယ်တစ်ဝန်းလုံး တိုးတက်လာသည့် မြင်ကွင်းများပင်ဖြစ်သည်။

 

ချင်းပြည်နယ်တွင် ဟားခါးမြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ ပလက်ဝမြို့၊ တွန်းဇန်မြို့စသည့် မြို့နယ် ကိုးမြို့နယ်နှင့် မြို့ ခြောက်မြို့ရှိသည်။ ယခုအချိန်ထိ ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်နှင့် ခိုင်ကမ်းမြို့များကို နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပြီး ၉ ဒသမ ၅ မဂ္ဂါဝပ်ခန့်သုံးစွဲလျက်ရှိသည်။ ''မင်းတပ်မြို့နယ်နဲ့ မတူပီမြို့က ကားလမ်း အရှည်မိုင် ၂၂ဝ ဝေးပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က နိုင်ငံတော်အတွက် ဘဏ္ဍာငွေ သက်သာဖို့ရယ်၊ ဓာတ်အားလိုင်းအတိုဆုံးနဲ့ ပြည်သူတွေဆီ ရောက်ဖို့ရယ် ရည်ရွယ်ပြီး နတ်မတောင် အမျိုးသားဥယျာဉ်ကို ရှောင်လွှဲမရတဲ့အတွက် ဖြတ်သန်းမှုတော့ ရှိပါမယ်၊ ဥယျာဉ်က ကြီးမားကျယ်ပြန့်တဲ့အတွက် ၂၆ ဒသမ ၅ မိုင်ခန့် ဖြတ်သန်းရမှာဖြစ်ပါတယ်၊ လေးဧကအကျယ် မတူပီ ဓာတ်အားခွဲရုံ တည်ဆောက်ပါမယ်၊ မိုင်တိုင်(၅ဝ)မှ မိုင်တိုင်(၆၈)အထိ နတ်မတောင် သစ်တောကိုဖြတ်ရမှာမို့လို့ သက်ဆိုင်ရာဌာနများကို တင်ပြဆောင်ရွက်သွားပါမယ်။''

 

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ဓာတ်အားပို့လွှတ်ရေးစီမံကိန်း(မြောက်ပိုင်း)မှ ညွှန်ကြားရေးမှူး ဦးမင်းနိုင်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများအား ရှင်းပြနေခြင်း ဖြစ်သည်။ ''ကျွန်တော်တို့ဆီက ဒေသခံရွာသားတွေက ဓာတ်ကြိုး က ရွာပေါ်ဖြတ်သွားပြီး မီးမရလို့ စိတ်ထိခိုက်နေရတယ်၊ ဒါကြောင့် မြို့ပေါ်သာမက ကျေးလက်တွေကိုပါ အတတ်နိုင်ဆုံး မီးရရှိဖို့ ရေအားလျှပ်စစ်ပါမကျန် တွက်ချက်ပြီး ဆောင်ရွက်ပေးစေချင်တယ်''ဟု ပြည်နယ်အကြီးအကဲက ပြောကြားသည်။

 

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစ၍ ၆၆ ကေဗွီအေ လျှပ်စစ်ဓာတ်အားလိုင်းကို မင်းတပ်-မတူပီ ဓာတ်အားလိုင်း ၅ဝ ဒသမ ၉ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ မတူပီဓာတ်အားခွဲရုံကို စတင်အကောင်အထည်ဖော်လျက်ရှိသဖြင့် မတူပီရှိ ပြည်သူများ ဝမ်းမြောက်လျက်ရှိကြသည်။ ဓာတ်အား လိုင်းကို လျှိုမြောင်၊ ချောက်ကမ်းပါး၊ တောင်ထိပ်၊ တောင်စွယ်၊ တောင်ဆင်ခြေ လျှောများ၌ နည်းပညာ၊ ကျွမ်းကျင်မှုနှင့် အသက်ကိုရင်း၍ ခက်ခဲစွာ ဆောင်ရွက်ရမည်ဖြစ်သည်။ မင်းတပ်မြို့၊ ဒေါက်ဒွေရွာ၊ ရှိန်းပရိုရွာ၊ ရှိရွာ၊ အေးသာယာရွာ၊ မိုင် ၄ဝ ရွာ၊ ရောင်လောင်ရွာ၊ ၅၁ မိုင်ရွာ၊ တွီဒိန်ရွာ၊ လေရှိရွာ၊ ဟင်းတုန်းရွာ၊ ရန်းတိမ်(က)ရွာ၊ ရန်းတိမ်(ခ)ရွာ၊ ချန်ပြန်(ခ)ရွာ ရွာ ၁၅ ရွာ အနီးနှင့် မုန်းချောင်း၊ လည်မျိုချောင်း နှစ်ခုကို ဖြတ်ကျော်ပြီး ခက်ခဲစွာ ကြိုးပမ်း တည်ဆောက်ရမည်ဖြစ်သည်။

 

ထို့အပြင် နိုင်ငံတော်ဓာတ်အားစနစ်မှ တီးတိန်မြို့သို့ သိုင်းငင်း-တီးတိန် ၆၆ ကေဗွီအေဓာတ်အားလိုင်း ၁၆ ဒသမ ၃ မိုင်နှင့် တီးတိန်ဓာတ်အားခွဲစက်ရုံ တည်ဆောက်ရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှစ၍ ကွင်းဆင်းတိုင်းတာ ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပေသည်။

 

တီးတိန်ဓာတ်အားခွဲစက်ရုံကို တီးတိန်အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်းနှင့် မိုးလေဝသနှင့် ဇလဗေဒရုံးကြားရှိ ပြန့်ပြူးသော မြေပေါ်တွင် တည်ဆောက်သွားရန် လျာထားသော်လည်း MPT Fiber Cable နှင့်နီးသဖြင့် ရွှေ့ပြောင်းဆောင်ရွက်မည့်အကြောင်း တာဝန်ခံက ရှင်းပြသည်။ ထူးခြားသည်က ၆၆ ကေဗွီအေ သိုင်းငင်း-တီးတိန်ဓာတ်အားလိုင်း လမ်းအူကြောင်းတစ်လျှောက်တွင် သစ်တောဧရိယာဖြတ်သန်းမှု မရှိသဖြင့် မြေယာလုပ်ထုံးလုပ်နည်း ဆောင်ရွက်ရန် မလိုသဖြင့် အဆင်ပြေချောမွေ့လှသည်။

 

ဆူလင်ရွာ၊ သိုင်းငင်း၊ Fort White၊ အာလွယ်ရွာ၊ ဆိုဇမ်ရွာ၊ ဆောင်းပီးရွာ၊ ဒိမ်လိုရွာ၊ ဆဲဇန်ရွာ၊ တီးတိန်ရွာများမှာ ဓာတ်အားလိုင်းအနီးရှိနေသည့် ရွာများဖြစ်သည်။ သိုင်းငင်း-တီးတိန်ဓာတ်အားလိုင်းကို အသစ်တည်ဆောက်ရန် လမ်းအူကြောင်းမှာ ၁၆ ဒသမ ၃ မိုင်သာ ရှည်လျားမည် ဖြစ်ပါသည်။ ''နောင်တစ်ချိန်မှာ ဂန့်ဂေါမြို့ကလာတဲ့ ဓာတ်အားလိုင်းကိုပဲ မမှီခိုဘဲ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကလေးမြို့ကတစ်ဆင့် ချင်းပြည်နယ်သို့ နှစ်ထပ်ပတ်နိုင်အောင် လမ်းအူကြောင်း ရှာဖွေရေးဆောင်ရွက်သွားပါမယ်၊ ကွင်းဆင်းစစ်ဆေးမှုတော့ မလုပ်ရသေးပါဘူး''ဟု ရှင်းပြရာ လျှပ်စစ်မီးတိုးချဲ့ရရှိတော့ မည်ဖြစ်၍ ကျေးရွာနှင့် မြို့ပြ၌နေထိုင်သော ပြည်သူများအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်သည်။

 

ထို့အပြင် ၂ဝ၁၈-၂ဝ၁၉ မှစ၍ ချင်းပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် ရခိုင်ပြည်နယ် ကျောက်တော်မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၇ မိုင်နှင့် ကျောက်တော်ဓာတ်အားခွဲရုံကို တိုးချဲ့ခြင်းနှင့် ပလက်ဝဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းကို စီမံကိန်းစတင်မည်ဖြစ်သည်။ ကွင်းဆင်းတိုင်းတာခြင်း လုပ်ငန်းများကို ၂ဝ၁၇-၂ဝ၁၈ မှစ၍ စတင်ဆောင်ရွက်လျက်ရှိသည်။

 

ကျောက်တော်-ပလက်ဝ ဓာတ်အားလိုင်း တည်ဆောက်စဉ် ကုလားတန် ကြိုးဝိုင်းသစ်တော အမှတ်(၅)နှင့် ကုလားတန် ကြိုးဝိုင်းသစ်တော အမှတ်(၄) သစ်တောဧရိယာအတွင်း ဖြတ်သန်းမှု ၄ ဒသမ ၄၁ မိုင်ရှိကြောင်း သိရသည်။ ကျောက်တော်မြို့ ဝါခင်းရွာ၊ ဝင်းစုရွာ၊ ရွှေပြည်ရွာတို့အပါအဝင် ဓာတ်အားလိုင်း ဖြတ်သန်းတည်ဆောက်သွားရမည် ဖြစ်သည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်းများ သွယ်တန်းရာတွင် လိုက်နာရန် အခြေခံအချက်များ သတ်မှတ်ထားပြီး ဓာတ်အားလိုင်းအူကြောင်းကို တတ်နိုင်သမျှ အတိုဆုံးလမ်းကြောင်း ရွေးချယ်ရန်၊ ထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူစေရန် လမ်းနှင့်တတ်နိုင်သမျှ အနီးဆုံး ရွေးချယ်ရန်၊ အနာဂတ်တွင် ဖြစ်ပေါ်တိုးတက်လာမည့် ဝန်အားအခြေအနေကို ထည့်သွင်းစဉ်းစား၍ လမ်းကြောင်းရွေးချယ်ရန်၊ လယ်သမားများ၏ပိုင်ဆိုင်မှု များနှင့် လယ်ယာမြေဆိုင်ရာ ဥပဒေများကို လိုက်နာရန်၊ တောင်တန်းများ ၊ တံတားများ၊ ရွှံ့နွံတောများ၊ ချောက်ကမ်းပါးများ စသည်တို့ကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်မည့် ကိစ္စရပ်များကို တတ်နိုင်သမျှ ရှောင်ရှားရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရှေးဟောင်းသမိုင်းဝင် အမွေအနှစ်ဧရိယာများ၊ မြို့ပြဧရိယာများ၊ ကျောင်းများ၊ လေယာဉ်ကွင်းများ၊ တပ်မတော်အခြေစိုက်စခန်းများ စသည်တို့ကို တတ်နိုင်သမျှ ရှောင်ရှားဆောင်ရွက်သွားမည်ဖြစ်သည်။ သို့ရာတွင် ချင်းပြည်နယ်၏ သဘာဝအနေအထားအရ တောင်တန်းများပေါ်တွင်သာ တည်ဆောက်နေရသဖြင့် လမ်းအူကြောင်း ရှာဖွေသည်မှ တည်ဆောက်မှုအဆုံး ခက်ခက်ခဲခဲ ဆောင်ရွက်ရခြင်းဖြစ်သည်။

 

၆၆ ကေဗွီ ဓာတ်အားလိုင်းများသွယ်တန်းရာတွင် လူမှုပတ်ဝန်းကျင် မထိခိုက်စေရန် ဓာတ်အားလိုင်းအူကြောင်း ရွေးချယ်ရာတွင် လိုင်းအစမှအဆုံး မြို့များ၊ ရွာများ၊ လူနေရပ်ကွက်များနှင့် တတ်နိုင်သမျှ ကင်းလွတ်အောင် ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ တာဝါတိုင်တည်ဆောက်ခြင်း Foundation (အမာခံအုတ်မြစ်ချ) လုပ်ငန်းများအတွက် မြေတူးရာတွင် တာဝါတိုင်တစ်တိုင်လျှင် ပျမ်းမျှ ၂၅ ပေ ပတ်လည်ခန့် အကျယ်ရှိပြီး Foundation လုပ်ငန်းပြီး၍ မြေပြန်ဖို့ပေးသည့်အခါ မြေပြင်ပေါ်တွင် အလျားတစ်ပေခွဲ၊ အနံတစ်ပေခွဲ၊ အမြင့် တစ်ပေခွဲခန့်ရှိ ကွန်ကရစ်တုံး လေးခုသာ ကျန်ရှိမည်ဖြစ်သည်။ Foundation၊ တိုင်ဆင်ခြင်း၊ ကြိုးဆွဲ၍ပစ္စည်းများ သယ်ဆောင်ရခြင်းအတွက် သီးနှံများပျက်စီးမှုအနည်းဆုံးနှင့် လျှပ်စစ်အန္တရာယ်မရှိစေရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် နိုင်ငံဒေသအနှံ့အပြားတွင် တည်ဆောက်ပြီး တည်ဆောက်ဆဲ ဓာတ်အားလိုင်းများအပြင် ၅ဝဝ ကေဗွီ၊ ၂၃ဝကေဗွီ၊ ၁၃၂ကေဗွီနှင့် ၆၆ ကေဗွီဓာတ်အားလိုင်းများ ထပ်မံတည်ဆောက်ရန်အတွက် တာဝါတိုင်မြေနေရာများ ရရှိအသုံးပြုရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ နှစ်ရှည်ပင်နှင့်သီးနှံများ ပျက်စီးမှုများရှိပါက လျော်ကြေးပေးအပ်ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့ အစည်းမှ ဖွဲ့စည်းပေးသော မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့ဖြင့် ပျက်စီးမှု စစ်တမ်းကောက်ယူခြင်း၊ ဒေသမှ သတ်မှတ်ထားသော ဒေသပေါက်ဈေးနှုန်းများ ဖြင့် တွက်ချက်၍ မြို့နယ်မှတစ်ဆင့် ခရိုင်သို့ ဆက်လက်တင်ပြခြင်း၊ ခရိုင်မှ စိစစ်ပြီးသည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူခြင်း၊ အတည်ပြုချက် ရရှိပါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ ဘတ်ဂျက်တောင်းခံပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ရှေ့မှောက်တွင် နစ်နာသူတစ်ဦးချင်းအား လက်ရောက်ပေးလျော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၏ အမြော်အမြင်ကြီးမားမှု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စီမံချက်ချမှတ်၍ ပြည်သူများအပေါ်စေတနာထားရှိမှု၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ချင်းပြည်နယ် လွှတ်တော်တို့၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ပြည်နယ်လျှပ်စစ်၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အနာဂတ်ကာလတွင် ချင်းပြည်နယ်တစ်ဝန်း လျှပ်စစ်ဓာတ်အားပိုမိုရရှိကာ ပြည်နယ်၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။