MDN

သတင်းဆောင်းပါး - ဖေနှင်းငွေ

 

မျက်စိအဆုံး၊ နားအရှုံးဟူသော မြန်မာစကားတစ်ခုရှိပါသည်။ လူတစ်ယောက်သည် အကြားအာရုံ ချို့ယွင်း သွားလျှင် လူဖြစ်ရှုံးသည်နှင့်တူသည်။ အမြင်အာရုံ ချို့ယွင်းသွားလျှင် ဘဝတစ်ခုလုံး ဆုံးသည်နှင့် တူပါသည်။ လူတစ်ယောက်၏အမြင်အာရုံကို ထိခိုက်စေနိုင်သော အကြောင်းရင်းများစွာ ရှိပါသည်။

 

တချို့က မွေးရာပါရောဂါများကြောင့် အမြင်အာရုံ ချို့ယွင်းနေကြပါသည်။ တချို့က လူ့လောကထဲ ရောက်ပြီးခါမှ အကြောင်းအမျိုးမျိုးကြောင့် အမြင်အာရုံ ကွယ်ပျောက်သွား တတ်ကြပါသည်။ ထိုအထဲကမှ မျက်ကြည်လွှာဟုခေါ်သော အမြင်အာရုံကောင်းမွန်စေရန် အကူအညီပေးသည့် တစ်သျှူး (အင်္ဂါ) တစ်ခုထိခိုက် ပျက်စီးခြင်းကြောင့် မျက်စိကွယ်ပြီး အလင်းရောင်ပျောက်ကာ အမှောင်က္ဘာထဲ ရောက်နေကြရသည့် မျက်စိဝေဒနာရှင်များစွာ ရှိကြပါသည်

 

မျက်ကြည်လွှာဆိုသည်မှာ

 

မျက်ကြည်လွှာဆိုသည်မှာ မျက်လုံးကို ဖုံးအုပ်ထားသည့် တစ်သျှူးတစ်ခုဖြစ်ပါသည်။ မျက်လုံးအတွင်းသို့ ဝင်ရောက်လာ သောအလင်းရောင်သည် မျက်ကြည်လွှာကို ပထမဆုံးဖြတ် သန်းရပါသည်။ ထိုမှတစ်ဆင့် သူငယ်အိမ်၊ မှန်ဘီးလူးတို့ကို ဖြတ်၍ အမြင်လွှာပေါ်သို့ကျပြီး အရာဝတ္ထုများကို မြင်ရခြင်း ဖြစ်ပါသည်။ မျက်ကြည်လွှာသည် မျက်လုံး၏ရှေ့၌ ခုံးနေ သည့် ပုံစံအဖြစ်နှင့် တည်ရှိနေပါသည်။

 

အဆိုပါ မျက်ကြည်လွှာသည် ပြင်ပအရာဝတ္ထုတစ်ခုခုနှင့် ထိမိ၊ ခြစ်မိ၍ ထိခိုက်ဒဏ်ရာရသွား၍သော် လည်းကောင်း၊ ရောဂါတစ်ခုခုကြောင့်သော်လည်းကောင်း၊ အက်ဆစ် စသည့် ဓာတုပစ္စည်းများနှင့် ထိခိုက်မိ၍ သော်လည်းကောင်း၊ မျက်စိအတွင်းသို့ ဖုန်မှုန့်၊ သဲမှုန့်၊ စူးချွန်၊ ပိုးကောင်၊ မှန်စ၊ မိတ်ကပ်နှင့် လက်သည်း အပိုင်းအစတို့ ဝင်ရောက်မိ၍သော်လည်းကောင်း၊ ကလေးသူငယ်များ၌ အာဟာရချို့တဲ့၍သော်လည်းကောင်း စသည့်အခြေအနေ အကြောင်းအမျိုးမျိုးတို့ကြောင့် မွေးရာပါမျက်ကြည်လွှာပျက်စီး၍ အမြင်အာရုံ ချို့တဲ့သွား တတ်ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးအား ဆေးပညာ တွင် မျက်ကြည်လွှာကန်းခြင်း (Corneal Blindness)ဟု ခေါ်ပါသည်။

 

အစားထိုးကုသခြင်းဖြင့် မျက်စိပြန်မြင်နိုင်

 

အကယ်၍ လူတစ်ဦး၏ မျက်ကြည်လွှာသည် ပျက်စီးသွား၍ အမြင်အာရုံချို့ယွင်းသွားပါက ကွယ်လွန်သူ တစ်ဦးဦးမှ လှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုး၍ ကုသရပါသည်။ အခြားမည်သည့် အရာနှင့်မှ အစားထိုးကုသ၍ မရနိုင်သေးပါ။ မျက်ကြည်လွှာအစားထိုးကုသခြင်းဆိုသည်မှာ မျက် ကြည်လွှာ၏ ထိခိုက်ပျက်စီးသွားသည့် အစိတ်အပိုင်းအား အလှူရှင်ဆီက ရရှိသည့် မျက်ကြည်လွှာအဟောင်းနှင့် အစား ထိုးလဲလှယ်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ကုသမှု၏ ၉၀ ရာခိုင်နှုန်းသည် အောင်မြင်၍ မျက်စိပြန်မြင်ကြပါသည်။ မည်သည့် အသက်အရွယ်၌မဆို မျက်ကြည်လွှာ အစားထိုး ကုသ၍ ရနိုင်ပါသည်။ သို့သော် လိုအပ်သည့် မျက်ကြည်လွှာ အတွက် လှူဒါန်းပေးမည့် အလှူရှင်ရှိရန် လိုအပ်ပါသည်။

 

မျက်ကြည်လွှာလှူဒါန်းရာတွင် ကွယ်လွန်သူ၏ မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပါ။ နာရီမှန် ကဲ့သို့သော အပေါ်ယံမျက်ကြည်လွှာကိုသာ ထုတ်ယူခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ မျက်နှာ ပုံသ္ဌာန်ပျက်စီးခြင်း၊ မျက်လုံးဟောက်ပက် ဖြစ်ခြင်းတို့ မရှိပါ။ လှူဒါန်းသူ သေဆုံး ပြီးနောက် ၄ နာရီအတွင်း မျက်ကြည်လွှာကို ထုတ်ယူရပါသည်။ မျက်ကြည်လွှာ ထုတ်ယူချိန်မှာ မိနစ် ၃၀ ခန့်သာကြာ၍ ထုတ် ယူပြီးလျှင် သေဆုံးသူ၏ မျက်စိပုံစံမပျက်စေရန် ပလတ်စတစ် မျက်လုံးပုံစံ ကတ်ပြားကိုသေချာအုပ်၍ စနစ်တကျ ပြန်လုပ်ပေးပါသည်။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး၊ အယုတ် အလတ်အမြတ်မရွေး၊ မျက်စိအတွင်းတိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက် ၇၅ နှစ်အောက် ရှိသူအားလုံး လှူဒါန်းနိုင်ပါသည်။

 

မြန်မာနိုင်ငံတွင် မျက်ကြည်လွှာ လှူဒါန်း၍ရသော အမျိုး သားမျက်စိဘဏ်နှစ်ခု ရှိပါသည်။ အဆိုပါ မျက်စိဘဏ်များမှာ ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အမျိုးသားမျက်စိဘဏ် (ရန်ကုန်) နှင့် ၁၉၉၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အမျိုးသားမျက်စိ ဘဏ် (မန္တလေး)တို့ဖြစ်သည်။ မျက်စိဘဏ်များသည် မျက်ကြည်လွှာ စုဆောင်းခြင်းကို ဆေးရုံကြီးများ၌ သေဆုံးသူများ၏ မိသား စုဝင်များထံမှ အလှူခံ၍ အဓိကရယူသည့်အပြင် မျက်ကြည်လွှာ အလှူရှင်များ သေဆုံးသွားသည့်အခါ ကျန်ရစ်သူမိသားစုများက အချိန်မီအကြောင်း ကြားပေးသည့် နည်းလမ်းတို့ဖြင့် ရယူစု ဆောင်းကြပါသည်။ မျက်စိဘဏ်များမှ ရရှိသည့် မျက်ကြည်လွှာ များအား တစ်နိုင်ငံလုံးတွင်ရှိသော မျက်ကြည်လွှာရောဂါဝေဒနာ ရှင်များကို ကူညီ၍ကုသပေးလျက်ရှိပါသည်။

 

မျက်ကြည်လွှာလှူဒါန်းမှု နည်းပါးနေသေး

 

သေဆုံးသူထံမှ မျက်ကြည်လွှာရယူရာတွင် ဦးစွာသေဆုံး သူ၏ ဆေးကုသမှုမှတ်တမ်းကိုကြည့်၍ ခုခံအား ကျဆင်းမှုရောဂါ၊ ကာလသားရောဂါ၊ အသည်းရောင်အသားဝါဘီပိုး၊ စီပိုး၊ အသည်း ကင်ဆာနှင့် သွေးကင်ဆာရောဂါများ ရှိ မရှိကို စစ်ဆေးပြီး မရှိ သည့်အခါမှ ၎င်း၏မိသားစုဝင်များထံမှ အလှူခံရခြင်း ဖြစ်ပါ သည်။ သို့ရာတွင် လူနာရှင်မိသားစုဝင်များမှာ မျက်ကြည်လွှာလှူဒါန်းနိုင်ခြင်းကို မသိကြခြင်း၊ ငယ်ရွယ်သည့် သားသမီးများ သေဆုံးသည့်အခါ မိဘများက ယူကျုံးမရဖြစ်၍ မျက်ကြည်လွှာ လှူဒါန်းမှုမရှိခြင်း၊ မျက်ကြည်လွှာထုတ်ယူပါက မျက်လုံးပုံပျက် သွားမည်ဟု ထင်မှတ်နေခြင်းနှင့် လှူဒါန်းပါက နောက်ဘဝတွင် မျက်လုံးအင်္ဂါ ချို့ယွင်းနေမည်ဟု စသည့်လွဲမှားသည့်အယူအဆ များကြောင့် မျက်ကြည်လွှာအလှူခံရရှိမှုမှာ နည်းပါးလျက်ရှိ နေပါသည်။

 

ထို့အပြင် မျက်စိဘဏ်များသို့ မသေဆုံးမီ ဆန္ဒပြုမျက်ကြည်လွှာ လာရောက်လှူဒါန်းခဲ့ကြသူများအနေဖြင့် လှူဒါန်းသည့်ကတ်ပြားကို ထင်သာမြင်သာရှိသည့်နေရာတွင် မထားခြင်း၊ ပျောက်ဆုံးပျက်စီးသွားခြင်းနှင့် ၎င်းတို့ သေဆုံးသွားသည့် အခါတွင်လည်း ကျန်ရစ်သူမိသားစုဝင်များက မျက်စိ ဘဏ်များသို့ မဆက်သွယ် ပေးခြင်းတို့ကြောင့် မျက်ကြည်လွှာ ရရှိမှုတွင် အခက်အခဲများ ရှိနေပါသည်။

 

အဆိုပါအခက်အခဲများကြောင့် မျက်စိဘဏ်များတွင် လစဉ်ရရှိသည့် မျက်ကြည်လွှာအရေအတွက်သည် ကုသပေး ရမည့် မျက်စိဝေဒနာရှင်အရေအတွက်နှင့် နှိုင်းယှဉ်လျှင် လွန် စွာနည်းပါး၍ နေပါသည်။ ကုသ၍ ပျောက်ကင်းနိုင်ပါသော် လည်း လိုအပ်သည့် မျက်ကြည်လွှာအရေအတွက် လုံလောက် စွာမရရှိခြင်းတို့ကြောင့် အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် (waiting list ) မျက်ကြည်လွှာ ဝေဒနာရှင်များစွာ စောင့် ဆိုင်းနေကြရပါသည်။

 

မျက်ကြည်လွှာတစ်စုံမှလူနှစ်ဦး၏ အမြင်အာရုံကို ကူညီပေးနိုင်

 

ကွယ်လွန်သူတစ်ဦးသည် မျက်ကြည်လွှာတစ်စုံ လှူဒါန်းပေးခဲ့ပါက အခြားမျက်စိမမြင်သူ နှစ်ဦး၏ဘဝကို အမြင်အာရုံ ပြန်လည်ရရှိစေနိုင်မှာ ဖြစ်ပါသည်။ လူ့လောကထဲတွင် စိတ်ချမ်းသာစွာဖြင့် ဆက်လက် နေထိုင်သွားနိုင်မှာဖြစ်သည်။ ထို့အပြင် ကွယ်လွန်သူက မျက်ကြည်လွှာလှူဒါန်းရန် ဆန္ဒမပြု ခဲ့သော် လည်း ကျန်ရစ်သူမိသားစု ညီအစ်ကိုမောင်နှမ၊ ဇနီး ခင်ပွန်း၊ သားသမီးတို့က သဒ္ဓါပေါက်ပါက လှူဒါန်းပေး၍ရနိုင် ပါသည်။ ကြိုတင်လှူဒါန်းထားသူတစ်ဦး ကွယ်လွန်သွားပါက ကျန်ရစ်သူမိသားစုများမှ မျက်စိဘဏ်သို့ အချိန်မီအကြောင်း ကြားပေးခြင်းဖြင့်လည်း ပူးပေါင်းပါဝင်ကုသိုလ် ယူထိုက်ပါ သည်။

 

ထို့ကြောင့် မျက်ကြည်လွှာလှူဒါန်းမှု တိုးလာစေရန် အတွက် ပြည်သူလူထုအတွင်း၌ ပညာပေးစည်းရုံးသည့် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ပေးရန်နှင့် မျက်ကြည်လွှာ လှူဒါန်းမှုနှင့် ပတ်သက်၍ လွဲမှားနေသည့် အယူသီးမှုများကို ချေဖျက်ပေးရန် လိုအပ်ပါသည်။ ထို့အပြင် ပညာပေးစည်းရုံး သည့်လုပ်ငန်းများကိုလည်း နေ့စဉ်ထုတ်သတင်းစာများ၊ ရုပ်မြင်သံကြား အစီအစဉ်များ၊ ဆိုရှယ်မီဒီယာများ၊ အနုပညာ ရှင်များကလည်း ပူးပေါင်းပါဝင် အားပေးသင့်ပါသည်။ စည်းရုံး ရာတွင်လည်း လှူဒါန်းသူအများစုမှာ လူငယ်ပိုင်းများဖြစ်၍ မျက်ကြည်လွှာရရှိရန် အချိန်အတော်ကြာ စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် အသက်အရွယ်ကြီး ပုဂ္ဂိုလ်များကို အဓိက ထား၍ စည်းရုံးသင့်ပါသည်။

 

အလွန်မွန်မြတ်သော အလှူဒါန

 

သို့ဖြစ်ပါသောကြောင့် မိမိပတ်ဝန်းကျင်ရှိ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းများထဲမှ သေဆုံးသွားသူများရှိပါက ကျန်ရစ် သူမိသားစုများကို မျက်ကြည်လွှာလှူဒါန်းရန် တိုက်တွန်း ပေးခြင်းဖြင့် ကုသိုလ်ကောင်းမှု ရယူနိုင်ပါ သည်။ မျက်ကြည်လွှာလှူဒါန်းခြင်းသည် ကွယ်လွန်သူအတွက် အထမြောက်သော အလှူဒါနတစ်ခု ဖြစ်ပါသည်။ စောစောလှူက စောစော ကုသိုလ်ရပါသည်။ ထို့အပြင် ကွယ်လွန်ပြီးနောက် မြေမြှုပ်၊ မီးရှို့၍ အလဟဿပျက်စီးသွားမည့် မိမိ၏မျက်ကြည်လွှာ တစ်စုံနှင့် လူ့လောကတွင် အသက်ရှင်ကျန်ရစ်နေဦးမည့် အမှောင်ကမ္ဘာထဲက လူသားတို့အတွက် အလင်းရောင်များ လက်ဆင့်ကမ်းပေးသွားနိုင်သော အလွန်မွန်မြတ် သည့် အလှူ ဒါနတစ်ခု ဖြစ်ပါပေတော့သည်။