ဆရာမဲဇာ

 

ကျွန်တော်တို့ ကျန်းမာရေးပညာပေးလုပ်ငန်းများတွင် အဓိကအားထားနေရသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးကပ်ဆောင်ရွက်နေရသည်မှာ လွတ်လပ်ရေးရပြီးစကတည်းကပင် ဖြစ်ပါသည်။ ခေတ်အမျိုးမျိုး ပြောင်းလဲနေသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနမှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အမြဲပင်ဦးစားပေး ခဲ့ပါသည်။ သတင်းစာများမှစ၍ အသံလွှင့်အစီအစဉ်များ၊ ရုပ်မြင် သံကြားအစီအစဉ်များတွင် အထူးဂရုစိုက်ဖော်ပြပေးခဲ့ပြီး ရုပ်မြင်သံကြား ကြော်ငြာများခေတ်တွင်လည်း ကျွန်တော်တို့ကျန်းမာရေး ဆိုင်ရာသတင်း၊ ဇာတ်လမ်းတိုများကို လူအများကြည့်ချိန် (Prime Time) များ၌ အခမဲ့နေရာပေး၍ အရေးတယူရှိခဲ့ပါသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင်မူ အချိန်ရသမျှ နည်းလမ်းမျိုးစုံဖြင့် လူထုကို အသိပညာပေးရာတွင် ပူးပေါင်းမြှင့်တင်ဆောင်ရွက် ပေးခဲ့သဖြင့် လူထုထံသို့ ထိရောက်သော သတင်းအချက်အလက်များ၊ ကျန်းမာရေးကို ဦးစားပေးသည့်သဘောထားနှင့် အပြုအမူများကို ဖော်ထုတ်ပေးခွင့်ရပြီး မိမိတို့ရှိသမျှအင်အားဖြင့် ကပ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ဆဲဖြစ်သည်ဟု သုံးသပ်မိပါသည်။

 

အရေးကြီးသော လက်တွဲဖော်ဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ၏လုပ်ငန်းအတော်များများတွင် ပူးပေါင်းပါဝင်ခွင့်ရယူရင်း အတော် အလျောက် ပြောင်းလဲလာမှုများကိုလည်း လေ့လာ၍လိုက်လျောညီထွေ စွာ ပြောင်းလဲမှုများပြုလုပ်ကြရပါသည်။ ပြီးခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သိသာသောအပြောင်း အလဲများကိုလည်း သတိထားမိပါသည်။

 

သတင်းစာများ၏အပြောင်းအလဲကို ပို၍မြင်သာ

 

စာဖတ်သော အရွယ်ကတည်းက ဖတ်လာခဲ့သော သတင်းစာများ၏ အပြောင်းအလဲကို ပို၍မြင်သာပါသည်။ သာမန်သတင်းစာမျှသာ မဟုတ်တော့ဘဲ နိုင်ငံ၏ ဦးစားပေးမူဝါဒများနှင့်အညီ ထိရောက်သော ကဏ္ဍများ တိုးချဲ့ဖော်ပြနေသည်ကိုလည်း တွေ့နိုင်ပါသည်။ ထူးခြား ချက်အနေဖြင့် “စိုက်မွေးစီးပွား”၊ “ကုန်သွယ်/ စီးပွား” “ပြည်တွင်း/ပြည်ပသတင်းများ”နှင့် “ဇီဝစုံလင်သဘာဝဝန်းကျင်” ခေါင်းစဉ်သစ်များကို သတင်းစာများတွင် ဖတ်ခွင့်ရနေပြီဖြစ်ပါသည်။

 

ထိုသတင်းကဏ္ဍသစ်များတွင် သတိမူသူတို့အတွက် တန်ဖိုးရှိလှသောသတင်း၊ အချက်အလက်၊ အသိပညာနှင့် လုပ်ငန်းလမ်းညွှန်ချက် များကို ရယူနိုင်ရုံမက ထူးခြားသောဒေသထွက်ထုတ်ကုန်သီးနှံများ အကြောင်းကိုပါ ဖတ်နိုင်၏။ စီးပွားရေးသံမှူးများမှတစ်ဆင့် ပေးပို့လာသော “ကုန်သွယ်စီးပွားသတင်းများ”မှာလည်း ယခင်က သတင်းစာ ဖတ်ပရိသတ်တို့ ဖတ်ခွင့်မရနိုင်သော သတင်းများသာဖြစ်ပါသည်။

 

ကမ္ဘာကြီးတွင် ပြောင်းလဲမှုဖြစ်စဉ်များကို အရှိန်အဟုန်နှင့် တွန်းပို့လာသော ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးကြောင့် ကျန်းမာရေးသာမက နိုင်ငံရေး၊ စီးပွားရေးအားလုံးမှာ ထိခိုက်ခဲ့ကြရပါသည်။ လူတို့ အိမ်တွင်း ပုန်းနေကြရသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ကူးသန်း ရောင်းဝယ်မှုကဏ္ဍနှင့်တွဲ၍ ခရီးသွားကဏ္ဍနှင့်ဆက်စပ်နေသော လုပ်ငန်းအားလုံး ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့ရပါသည်။

 

ထိုအထဲတွင် မဖြစ်မနေအသုံးချရင်း အကောင်းဘက်သို့ ပြောင်းလဲသွားသော ကဏ္ဍတစ်ရပ် ပေါ်ပေါက်လာပါသည်။ Digital Transfor- mation ဟုခေါ်သော ဒစ်ဂျစ်တယ်နည်းပညာပြောင်းလဲမှုများကို တွင်ကျယ်စွာသုံးနိုင်သူများမှာ ရပ်တည်ခွင့်ရကြပါသည်။ သတင်းအချက်အလက်နည်းပညာ (Information Technology-IT) များမှာ မထင်မှတ်နိုင်လောက်အောင် အရှိန်အဟုန်ပြင်းစွာ ရှေ့တန်းရောက်လာပါသည်။

 

ထို့အတူ နည်းပညာတီထွင်သူများမှာ Forth Industrial Revolution ခေါ် စတုတ္ထအဆင့် စက်မှုတော်လှန်ရေး၏လှိုင်းကိုစီးကာ ကြီးပွားချမ်းသာလာကြပါသည်။ ကျွန်တော်တို့၏ လူငယ် မျိုးဆက်သစ်များမှာလည်း “ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်”နိုင်လျှင် နိုင်ငံတကာအဆင့် လက်လှမ်း မီနိုင်ရုံသာမက မြန်မာတို့၏ ဉာဏ်ရည် ထက်မြက်မှုကို ကမ္ဘာသိအောင် ပြသနိုင်ခွင့်ရှိနေပါသည်။ မြန်မာ့ အလင်းသတင်းစာတွင် ပါရှိသော “နည်းပညာနှင့် သတင်းအချက် အလက်” ကဏ္ဍသည် လူငယ်တို့အတွက် အသုံးတည့်လှသဖြင့် လက်မလွှတ်တမ်း ဖတ်ရှုသင့်ပေသည်။

 

နည်းပညာမှ ရယူထားသော သတင်းအချက်အလက်များသည် ထိုနည်းပညာစနစ်အတွင်းသို့ ထည့်သွင်းလိုက်သော သတင်းအချက် အလက်များအပေါ် မူတည်ပြန်သည်။(Garbage in - Garbage out)ဟူသော ကွန်ပျူတာစကားလုံးကို ပြန်လည်တင်ပြလိုပါသည်။ ကွန်ပျူတာစပေါ်ကတည်းက လူသုံးများသည့် “အမှိုက်ထည့်လျှင် အမှိုက်ထွက်မည်” ဟူသောစကားပင်။ ကွန်ပျူတာထဲသို့ထည့်လိုက် သောအချက်အလက်များ၏ တိကျမှန်ကန်မှုသည် အဖြေမှန်ထွက်ဖို့ အခရာဖြစ်ပါသည်။

 

သုတေသီများ၊ ပါရဂူများအားလုံးသည် ဒေတာ (Data) ရရှိမှုပေါ် မူတည်ပါသည်။ ဒေတာအများစုမှာလည်း လူတို့ကသာ ထုတ်လုပ်ထားပါသည်။ ဥပမာတစ်ခုကို တင်ပြလိုပါသည်။ လွန်ခဲ့သောငါးနှစ်ခန့်က ရန်ကုန်မြို့တွင်ပြုလုပ်သော သုတေသနတစ်ခုတွင် ရန်ကုန်မြို့သည် လုံခြုံစိတ်ချရကြောင်း၊ မြို့သူမြို့သားများသည် ပျော်ရွှင်နေကြောင်း စသောအချက်အလက်အတော်များများပါရှိသည်။ ထိုအချိန်က အငှား ယာဉ်မောင်းများနှင့် ကားငှားစီးသူများ၏ ဆက်ဆံရေးအခြေအနေ အကြောင်းကို ကွန်ပျူတာထဲတွင် မထည့်သဖြင့် မသိလိုက်ချေ။ ဘတ်စ်ကားများပေါ်တွင်လည်းကောင်း၊ ကားလမ်းမပေါ်တွင် လည်းကောင်း မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို ရန်ကုန်သားတို့ သိသော် လည်း နိုင်ငံခြားသား သုတေသီတို့က မသိနိုင်ခဲ့ပေ။

 

“ဒေတာ”ဟု ပြောလာလျှင် လူတွေက (Hard Data) ခေါ်သော ကိန်းဂဏန်းအတိအကျသိရမှ အမှန်ဟုယူဆကြလေသည်။ သက်သေ ခံအထောက်အထားများ၊ သွယ်ဝိုက်ရသည့် သုံးသပ်ရသောအထောက် အထားများ (Circumstantial Evidence) များကို ပေးနိုင်သောအခြေ အနေများကို မဖန်တီးမချင်း အဖြေမှန်၊ အတွေးမှန်၊ သဘောထားမှန် စသော(Soft Data)ခေါ် ဒေတာ အပျော့စားများကို ပြန်လည်သုံးသပ် ကောက်ချက်ဆွဲကာ ဆုံးဖြတ်တတ်ရန် မလွယ်လှချေ။

 

EQ ကိုပို၍ အသားပေးလာ

 

တစ်နည်းအားဖြင့် Emotional Education ခေါ်သော ခံယူသုံးသပ်ဆုံးဖြတ် နည်းပညာတစ်ရပ်ရှိနေကြောင်းကို သိရန်လိုလာပါ သည်။ Emotional Quotience-EQ သည် မိမိတို့၏ စိတ်ခံစားချက်ကို မည်ကဲ့သို့ ထိန်းချုပ်လမ်းကြောင်း အသုံးချတတ်မှုကို အရေးပေးလာကြသဖြင့် အလုပ်လျှောက်သူများကို လူတွေ့မေးမြန်းရာတွင် သူတို့၏ ဉာဏ်ရည်ဉာဏ်သွေး (IQ-Intelligent Quotice) ထက် EQ ကိုပို၍ အသားပေးလာသော ခေတ်ကို ရောက်နေပါသည်။

 

ဤသို့သောခေတ်အပြောင်းတွင် မြန်မာတို့သည် IQ ကိုသာ အလေးထားနေသေးသဖြင့် ခေတ်နောက်ကျလျက် ရှိနေပေသည်။ မြန်မာတို့ချည်းသာမဟုတ်ပါ။ မြန်မာတို့က အထင်ကြီးနေသော စင်ကာပူနိုင်ငံမှာလည်း ထိုနည်းနှင်နှင် ဖြစ်ခဲ့သဖြင့် ထိုနိုင်ငံ၏ ခေါင်းဆောင်များကိုယ်တိုင်က စင်ကာပူကျောင်းများတွင် Emotional Education ဘာသာရပ်ကို ပြန်လည်ထည့်သွင်းသင်ယူစေဖို့ ဆုံးဖြတ် ပေးခဲ့ရပါသည်။

 

အချို့က ဤဘာသာရပ်ကို ရသပညာ (Aesthetics) ဟု ဘာသာ ပြန်၍သုံးကြ၏။ အမှန်သို့မရောက်သေးဟု ကျွန်တော်ထင်၏။ အမှန် တော့ကြုံတွေ့ရသောအခြေအနေ၊ လက်ခံရရှိသောဒေတာ၊ ပတ်ဝန်း ကျင်မှ တွန်းအားဆွဲအားများကို သုံးသပ်လေ့လာပြီး မတုန်လှုပ်သော စိတ်အခြေခံဉာဏ်ပညာဖြင့် ဆုံးဖြတ်ရသည့်ကိစ္စများသာ လောက ကောင်းကျိုးကို ပေးနိုင်ပါမည်။ “စိတ်ထားတတ်လျှင် မြတ်သည်” ဟူသောစကားအဓိပ္ပာယ်ကို အကျယ်စဉ်းစား၍ အသုံးချလျှင် ရလဒ်ကောင်းပါမည်။

 

ကျွန်တော်တို့ လူထုပညာမြှင့်တင်ရေး လုပ်ငန်းတွင်မူ BH ဟု လူသိများသော နည်းတစ်ရပ်ရှိပါ၏။ လူတို့၏ အသိပညာကိုမြှင့်တင် လိုလျှင် Head၊ Hand နှင့် Heart အထိ ပြောင်းလဲစေဖို့လိုသည်။ ခေါင်း (Head) သို့ရောက်သည်မှာ သင်ညာ၊ ဒေတာ စသော ဗဟုသုတ သာဖြစ်ပါသည်။ ထိုမျှနှင့်မလုံလောက်။ “နှုတ်မှုလက်မှုအတတ်စု” ကို သင်ယူလေ့ကျင့်ထားသော လက်၏ ကျွမ်းကျင်မှုလည်း လိုလာသည်။ လက်ဟုဆိုသော်လည်း ကာယကံ၊ ဝစီကံနှစ်မျိုးစလုံး အကျုံး ဝင်ပါသည်။

 

နှလုံးသားထဲသို့ ထိမိသွားအောင် အသိပညာမျှဝေ

 

အရေးကြီးသောအချက်မှာ လူငယ်တို့သုံးလေ့ရှိသော “Heart ထိသွားတယ်” ဟူသော စကားအတိုင်းပင်။ နှလုံးသားထဲသို့ ထိမိသွား အောင် အသိပညာမျှဝေပေးနိုင်ဖို့ လိုလေသည်။ ရှေးကသုံးသော “Learn by Heart” ဟူရာတွင်မူ အလွတ်ကျက်မှတ်မှုကို အဓိက ထားကြတာမဟုတ်ပါ။ အလွတ်ကျက်မှတ်၊ အလွတ်ရနေခြင်းသည် Head ခေါ် ခေါင်းထဲကသာလာပါသည်။ အသည်းစွဲအောင်ကြုံရသော အဖြစ်အပျက်မှာမူ သေသည်အထိ မမေ့ရုံမက ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးလုံး၏အလုပ်ကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။

 

အသိအမြင်မှန်ကန်မှု၊ နှလုံးသွင်းမှန်ကန်မှုတို့ဖြင့် တည်ဆောက်ထားသော လူပုဂ္ဂိုလ်တစ်ယောက်အတွက် လူသားပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်တို့နှင့် ကြုံတွေ့လာတိုင်း မှန်ကန်သောသဘော ထားဖြင့် ယောနိသော မနသီကာရစိတ်ထားဖြင့် ကောင်းသောအပြော၊ ကောင်းသောအလုပ်များကို သက်သာလွယ်ကူစွာ လုပ်ဆောင်နိုင်စွမ်း ရှိသဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုမည်သာဖြစ်ပါသည်။

 

ရသပညာအခြေခံရှိသူတစ်ယောက်အတွက် လောကကို အလှဆင် နိုင်ဖို့ မခက်ခဲသလို လောကဓမ္မအရ ဆူကြုံနိမ့်မြင့် ကြုံလာသမျှကိုလည်း မျှတစွာနှလုံးသွင်း၍ ကုသိုလ်စိတ်ဖြူဖြင့် နေနိုင်သူများ ဖြစ်လာပါ သည်။ သမိုင်းတစ်လျှောက် ဆွေစဉ်မျိုးဆက်ထိန်းသိမ်းရင်း လက်ဆင့် ကမ်းလာခဲ့ကြသော ယဉ်ကျေးမှုအမွေအနှစ်များ (Cultural Heritage) များထဲတွင် မြင်သာသောရှေးဟောင်းပစ္စည်းများ၊ အဆောက်အအုံများ ကို လွယ်လွယ်တွေ့နိုင်သော်လည်း မမြင်သာသော ဓလေ့ထုံးစံ၊ ရသ ပညာများ (Intangible Cultural Heritage) များကိုမူ ဖော်ထုတ်သူ နည်းသည်နှင့်အမျှ လျင်မြန်စွာပျောက်ကွယ်သွားပြီး အစားထိုးမရ သော ဆုံးရှုံးမှုကြီးဖြစ်ရပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာနက အားယူပြောင်းလဲလာသော လုပ်ငန်းစဉ်များမှာလည်း ယခုအခါ သိသာမြင်သာ ပြောင်းလဲမှုများကို တွေ့လာ ရပါသည်။ အထူးသဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ တိုးတက် ပြောင်းလဲမှုများတွင် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေမှု ပေးရန်များသာမက (Cultural Heritage) များကို ဖော်ထုတ်ကာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ဦးတည်သွားနေသော အစီအစဉ်ကောင်းများကို တွေ့လာရသည်။

 

ထူးခြားသောအစီအစဉ်ဖြစ်နေပါသဖြင့် စိန်ရတုပြည်ထောင်စုနေ့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့သော “တူယှဉ်နွှဲပျော် ဂီတပွဲတော်”သည် လူထုကြားသို့ ထိရောက်စွာထိုးဖောက်နိုင်ပြီး ယခုအခါ (season-2)အဖြစ် စိန်ရတုလွတ်လပ်ရေးနေ့အတွက် ရည်သန်သည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်”မှာ ပထမအဆင့် ပြီးစီးသွားပြီဖြစ်ပါသည်။

 

ဂန္ထဝင်သီချင်းများ၊ သမိုင်းဝင်ဂီတစာဆိုကြီးများ၊ မူရင်းအဆိုတော် ကြီးများကို ဦးထိပ်ထား၍ ခေတ်လူငယ်လူကြီးများအတွက် ဖျော်ဖြေ ရင်း အသိပညာဗဟုသုတများစွာရရှိစေသည့်အပြင် တိုင်းပြည် လွတ်လပ်ရေးအဓွန့်ရှည်စေဖို့ အခြေခံဖြစ်သော စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်များကိုလည်း တဖွားဖွားပေါ်ပေါက်စေခဲ့ပါသည်။

 

လွတ်လပ်သောနိုင်ငံတိုင်းတွင် နိုင်ငံ၏ရုံးသုံးစာပေရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာစာသည် ရုံးသုံးစာဖြစ်သော်လည်း တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့၏ဘာသာစကားကို လွတ်လပ် စွာအသုံးပြုခွင့်ရှိပါသည်။ ထို့အတူ တိုင်းရင်းသားညီအစ်ကိုများက လည်း မြန်မာမှုအနုပညာများကို ဝိုင်းဝန်းပြုစုပေးကြရာတွင် တူယှဉ် နွှဲပျော်ဂီတပွဲတော်သည် အဓိပ္ပာယ်ရှိလှသောအနှစ်သာရကို ထင်ဟပ် နေကြောင်း တွေ့ရပါသည်။

 

တစ်နေ့က ပြိုင်ပွဲဝင်သော အမျိုးသမီးကလေးမှာ ရှမ်း-ကချင် မိဘများက ပေါက်ဖွားလာသူ၊ စစ်ကိုင်းတိုင်းဒေသကြီးကို ကိုယ်စားပြု သူဖြစ်သော်လည်း သူမဲနှိုက်၍ ရလာသောသီချင်းမှာ ချင်းအမျိုးသား ဂီတစာဆိုတစ်ဦး၏ ချင်းတောင်တန်းနှင့် ချင်းဓလေ့ဖော်ကျူးထား သည့်သီချင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံးရှေ့တွင်၊ ရုပ်သံ ဖန်သားပြင်ပေါ်တွင် -

 

“သူငယ်ချင်းလိုက်ခဲ့စမ်းပါ၊ အလည်တစ်ခေါက်လိုက်ခဲ့စမ်းပါ xxx

တို့များရဲ့ ချင်းဓလေ့ထုံးစံမြင်စေချင်စမ်းသည် xxx

တောင်ပေါ်ခေါင်ရည် ချိုမြမြ၊ တစ်ကျိုက်လောက်သောက်ရင်

 အမောပြေ xxx

ဒါဟာလေ ချင်းပြည်ရဲ့ဓလေ့တစ်ခုပါ xxx”

 

ဆိုသော သီချင်း လေးသည် ရင်ထဲစွဲ၍ (By Heart) ကျန်ခဲ့ပါသည်။ ဤကား Intangible Cultural Heritage ပင်ဖြစ်ပါသည်။ ရှမ်း-ကချင် တိုင်းရင်းသူလေးက ချင်းဓလေ့ထုံးစံအကြောင်း မြန်မာလို လှိုက်လှိုက် လှဲလှဲဆိုပြခဲ့သည်။ လွတ်လပ်ရေး စိန်ရတုမှ ရာပြည့်၊ ထိုမှ ကမ္ဘာတည်သရွေ့ တိုင်းရင်းသားအားလုံး လက်တွဲပူးပေါင်းကာ ငြိမ်းချမ်းသာယာ သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အသိမှန်၊ အလုပ်မှန်ဖြင့် ရှေ့ဆက်ထမ်းဆောင်ရမည့်တာဝန်များကို ပျော်ပျော်ရွှင်ရွှင် ရင်နှင့်အမျှ အားရှိသမျှ တာဝန်ယူကြပါစို့။