အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် ဆောင်ရွက်ပြီး အမွေအနှစ်များ ရေရှည်တည်တံ့အောင် ကာကွယ်ထိန်းသိမ်းကြပါစို့

 

ဒေါက်တာအိရွှေစင်မြင့်(ပုဂံ)

 

အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်  (Heritage Impact Assessment - HIA)

 

အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်ဆိုသည်မှာ ယဉ်ကျေးမှုအမွေအနှစ်အပေါ် လူသားတို့၏ ပြုမူလုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ မြေယာအခင်းအကျင်း ပြောင်းလဲမှုများ၏ သက်ရောက်မှုများကို ဖော်ထုတ်ရန်၊ အကဲဖြတ် ခွဲခြမ်းစိတ်ဖြာရန် ဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပြီး အမွေအနှစ်များကို ပိုမိုကာကွယ်ရန်၊  သက်ရောက်မှု များကို လျှော့ချရန် အစရှိသော အပြုသဘောဆောင်သည့် အကြံပြု ချက်တို့ဖြင့် စီမံခန့်ခွဲရေးကို  ပံ့ပိုးပေးရသောလုပ်ငန်း ဖြစ်သည်။

 

ကမ္ဘာ့အမွေအနှစ်ဒေသများအတွက် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် လုပ်ငန်းစဉ်

 

ကမ္ဘာ့အမွေအနှစ်ဒေသများအတွက်အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်လုပ်ငန်းစဉ်မှာ ယဉ်ကျေးမှု အမွေအနှစ်အပေါ် သက်ရောက်မှု  အကဲဖြတ်ချက်ဆိုင်ရာ ICOMOS လမ်းညွှန်ချက် (Guidance on Heritage Impact Assessments for Cultural World Heritage Properties, A publication of the International Council on Monuments and Sites (ICOMOS), January 2011) အပေါ် အခြေခံဆောင်ရွက်ရခြင်းဖြစ်သည်။ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) လုပ်ငန်းစဉ်ကို အောက်ပါအတိုင်း အဆင့် သုံးဆင့် ခွဲခြားပြီး ဆောင်ရွက်ရသည် -

 

(က) ပထမအဆင့် - စာအုပ်စာတမ်းများကို အခြေခံ၍ လေ့လာ သုတေသနပြုလုပ်ရခြင်း  (အဆိုပြုစီမံကိန်းနှင့်ပတ်သက် သည့်  အချက်အလက်များ၊  မှတ်တမ်းအထောက်အထား များ၊ မြေပုံများ၊ ပုံဆွဲများ၊ စာရွက်စာတမ်းများ ပြုစုခြင်း)၊

 

( ခ )   ဒုတိယအဆင့် - တည်ဆောက်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို ဖော်ထုတ်၍ အကဲဖြတ်သုံးသပ်ရခြင်း၊

 

(ဂ) တတိယအဆင့် - တည်ဆောက်ရေးလုပ်ငန်းများ၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကြောင့်  ယဉ်ကျေးမှုအမွေအနှစ် များ၏ အရေးပါမှု၊ဂေဟစနစ်၊ပတ်ဝန်းကျင်သဘာဝ အခြေအနေ၊ မြင်ကွင်း၊ ကမ္ဘာလုံးဆိုင်ရာစံတန်ဖိုးစသည် တို့အပေါ် ထိခိုက်မှု မရှိစေရေး အဓိကထား၍ အကြံပြုချက် များဖြင့် အဆိုပြုရခြင်း။

 

အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်လုပ်ငန်းဆောင်ရွက်ရာတွင် အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်ပါသည်-

 

(က) စီမံကိန်း/တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ အပါအဝင် အဆိုပြု ထားသော စီမံကိန်း၏ နောက်ခံအချက်အလက်များ၊

(ခ) အဆိုပြုထားသောလုပ်ငန်းနေရာနှင့်  လက်ရှိပတ်ဝန်းကျင် အခြေအနေ ဖော်ပြချက်၊

(ဂ) အဆိုပြုထားသော ဖွံ့ဖြိုးရေးလုပ်ငန်း၏အခင်းအကျင်း စီမံထားမှု (ဒီဇိုင်း/ ပုံဆွဲ/ မြေပုံများ)၊

(ဃ) ချဉ်းကပ်လမ်းများ၊ လျှပ်စစ်ဓာတ်အားပေးပို့ခြင်း၊ ရေပေး ဝေခြင်းနှင့် မိလ္လာအစီအမံများ စသည့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းများပါဝင်သော ပြည့်စုံစွာ ဖော်ပြချက်၊

(င) အများပြည်သူများနှင့် ဆက်စပ်သောလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းအပေါ် သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ၊

(စ)     အခြားရွေးချယ်နိုင်သည့်  ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်သော (ဒုတိယဦးစားပေး/ တတိယဦးစားပေး) နည်းလမ်းများ။

 

အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်လုပ်ငန်းမဖြစ်မနေ ဆောင်ရွက်သင့်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များအနီးတွင် မြို့ပြအိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အဆောက်အအုံတိုးချဲ့ခြင်း  လုပ်ငန်းများ၊ သာသနိကအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရှေးဟောင်းအဆောက်အအုံနှင့် ရှေးဟောင်း အဆောက်အအုံ မြင်ကွင်းကို ထိခိုက်စေနိုင်သည့် ကြီးမားသော စီမံကိန်းများ၊ ခရီးသွား လုပ်ငန်းနှင့်သက်ဆိုင်သော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း ထိခိုက်စေနိုင်သည့် ကြီးမားသည့်စီမံကိန်းများ ဖြစ်ကြသည်။

 

ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း

 

ကမ္ဘာ့အမွေအနှစ်ကော်မတီ၏ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ် ချက်လုပ်ငန်းနှင့် ပတ်သက်၍  UNESCO က ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သော  Convention  concerning the Protection  of  the  World  Cultural  and  Natural  Heritage, 1972 (1972 World Heritage Convention)  ၏  ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် စာပိုဒ်(၁၇၂) အရ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  အမွေအနှစ်၏ ကမ္ဘာလုံး ဆိုင်ရာစံတန်ဖိုးအပေါ် အကျိုးသက်ရောက်စေမည့် အသစ်ဆောက်လုပ် ခြင်းများ သို့မဟုတ် အကြီးစားပြုပြင်ထိန်းသိမ်းခြင်းများ သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းများပြုလုပ်မည်ဆိုပါက ကမ္ဘာ့အမွေအနှစ်ဌာနမှ တစ်ဆင့် ကမ္ဘာ့အမွေအနှစ်ကော်မတီသို့ အကြောင်းကြားခြင်း၊ ခက်ခဲ သော ဆုံးဖြတ်ချက်များမချမီ တတ်နိုင်သမျှ ဆောလျင်စွာ အကြောင်းကြားခြင်း ပြုလုပ်ရမည်ဟု ဖော်ပြထားသည်။

 

အဆိုပါ လုပ်ငန်းလမ်းညွှန်ချက်တွင် ကမ္ဘာ့အမွေအနှစ်ဒေသများ အတွင်း စီစဉ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက် မည်ဆိုပါက ပတ်ဝန်းကျင်ထိခိုက်နိုင်မှုဆန်းစစ်ခြင်း၊  အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ခြင်းနှင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်မှု ဆန်းစစ်ခြင်းအစရှိသည့် လုပ်ငန်းများမဖြစ်မနေ ဆောင်ရွက်ရမည်ဟုလည်း ဖော်ပြထားသည်။

 

သို့ဖြစ်၍ မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံကိန်းလုပ်ငန်းမဆို ဆောင်ရွက်မည်ဆိုပါက ဦးစွာသက်ဆိုင်ရာဌာနများ ညှိနှိုင်းကွင်းဆင်း စစ်ဆေးခြင်း၊ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်  (HIA)  လုပ်ငန်း ဆောင်ရွက်ခြင်း၊  ကမ္ဘာ့အမွေအနှစ်ကွန်ဗင်းရှင်း၏ လုပ်ငန်းလမ်းညွှန် ချက် အပိုဒ် (၁၇၂) (World Heritage Centre in line with paragraph 172 of Operational Guidelines for the Implementation of the World Heritage Convention) နှင့်အညီလိုက်နာခြင်းဖြင့်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ယူနက်စကိုအဖွဲ့ကြီးကို ၁၉၄၉ ခုနှစ် ဇွန် ၂၇ ရက်တွင် ပါဝင်ခဲ့ပြီး ၁၉၇၂ ကွန်ဗင်းရှင်း (Convention Concerning the Protection of the World Cultural and Natural Heritage,1972) ကို ၁၉၉၄ ခုနှစ် ဧပြီ ၂၉ ရက်တွင်  လက်ခံခဲ့သည်။ထို့နောက်၁၉၉၆ ခုနှစ် အောက်တိုဘာ ၄ ရက်က  အဆိုပြု ယဉ်ကျေးမှုအမွေအနှစ် ရှစ်နေရာ၊ ၂ဝ၁၈ ခုနှစ်တွင်  ယဉ်ကျေးမှုအမွေအနှစ်  နှစ်နေရာနှင့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင်  အဆိုပြု သဘာဝအမွေအနှစ် ခုနစ်နေရာတို့ကို စာရင်းတင်သွင်းခဲ့ပြီး  ဖြစ်ပါသည်။  UNESCO နှင့်အီတလီအစိုးရတို့၏ ထောက်ပံ့မှုတို့ဖြင့်  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (HIA) လုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်း ပို့ချခြင်း၊  အကဲဖြတ်ခြင်း၊  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းများကို ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။

 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ  ကာကွယ်ထိန်းသိမ်းရေး ဥပဒေ

 

ယဉ်ကျေးမှုအမွေအနှစ်ဒေသများ  ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ၂ဝ၁၉၊ အခန်း(၉)၊ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေးခြင်း၊ ပုဒ်မ (၂၄-က) တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်  ဖွံ့ဖြိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက် လိုသူသည် ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်နိုင်မှုမရှိကြောင်း ကြိုတင်ခွင့်ပြုချက်ရရှိရန် ကမ္ဘာ့အမွေအနှစ်ဒေသ  သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းဖြစ်ပါက တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေး ကော်မတီသို့ လည်းကောင်း၊ ကမ္ဘာ့အမွေအနှစ်ဒေသ သို့မဟုတ် အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ် ဒေသမှအပ ကျန်ယဉ်ကျေးမှု အမွေအနှစ်ဒေသ အတွင်းဖြစ်ပါက ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီသို့လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဟု ဖော်ပြပါရှိသည်။

 

ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၉၊ အခန်း(၉)၊ ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်း၊ စိစစ်ခြင်းနှင့် ထုတ်ပေး ခြင်း၊ ပုဒ်မ(၃ဝ) တွင်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ထိန်းသိမ်းရေး ကော်မတီနှင့် ဒေသဆိုင်ရာထိန်းသိမ်းရေး ကော်မတီများသည် ပုဒ်မ ၂၁ နှင့် ပုဒ်မ  ၂၄၊  ပုဒ်မခွဲ (က) တို့ပါ ကြိုတင်ခွင့်ပြုချက် လျှောက်ထား သော ကိစ္စများအားလုံးနှင့်စပ်လျဉ်း၍  အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ် ချက် (HIA) ဆောင်ရွက်ရန်နှင့် ခွင့်ပြုပြီး ကိစ္စများတွင် သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှု ရှိ၊ မရှိကို ဦးစီးဌာနက စောင့်ကြည့်၍ ပြန်လည်တင်ပြရမည်ဟု ဖော်ပြပါရှိသည်။

 

မဖြစ်မနေ ဆောင်ရွက်ရမည်

 

ကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြီးမား သော အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကြီးမားသော စီမံကိန်းများ ဖော်ဆောင်ခြင်းများအတွက် ပတ်ဝန်းကျင် ထိခိုက်နိုင်မှု ဆန်းစစ်ခြင်းနှင့် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ခြင်းလုပ်ငန်းများ မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပြီး အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ခြင်းသည် အမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူဘောင်နှင့် အညီ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းအားလုံးအတွက် မရှိမဖြစ် လိုအပ်သည်။

 

 

 

mdn

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ အမွေအနှစ်ဆန်းစစ်ချက်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို  ကျယ်ကျယ်ပြန့်ပြန့်  ဆောင်ရွက်လျက် ရှိသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂၂ ခုနှစ် အထိ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်လုပ်ငန်း ၁ဝဝ ကျော် ဆောင်ရွက်ပေးခဲ့ပြီး ထိုလုပ်ငန်းများနှင့်  ပတ်သက်၍  အောက်ပါ နည်းလမ်းများဖြင့်  အကြံပြုခြင်း၊  စစ်ဆေးခြင်းများ ဆောင်ရွက်၍ စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ဆုံးဖြတ်နိုင်ရေး စိစစ်ပေးလျက်ရှိသည်-

 

(က) လက်ခံခြင်း/ ခွင့်ပြုခြင်း ၊

(  ခ ) ခွင့်မပြုခြင်း ၊

(  ဂ ) ဖြေလျှော့ခြင်းဖြင့် လက်ခံနိုင်ခြင်း/ ခွင့်ပြုခြင်း ၊

(ဃ) ခွင့်မပြုခြင်း သို့မဟုတ်  ဖြေလျှော့ခြင်း/ တခြားနည်းလမ်း ရွေးချယ်မည်ဆိုပါက ခွင့်ပြုပေးနိုင်ခြင်း ။

ယဉ်ကျေးမှုအမွေအနှစ်များ  တည်ရှိရာဒေသများတွင်  အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက်လုပ်ငန်း ဆောင်ရွက်ခြင်းမရှိဘဲ ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းဆောင်ရွက်မည်ဆိုပါက  ယဉ်ကျေးမှုအမွေအနှစ် အပေါ် သက်ရောက်မှုများ၊ ပတ်ဝန်းကျင်အပေါ် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် တည်ဆောက် ထားသော အမွေအနှစ်အရင်းအမြစ်အပေါ် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အပေါ် သက်ရောက်မှု များ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် ကြီးမားသော ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အမွေအနှစ်ထိခိုက်နိုင်မှု  ဆန်းစစ်ချက်လုပ်ငန်း မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည်။

 

ပြင်ပကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများ

 

အခြားနိုင်ငံများတွင် အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက် လုပ်ကိုင်သည့် ပြင်ပကျွမ်းကျင် ပညာရှင်အဖွဲ့အစည်းများ  သို့မဟုတ် ကုမ္ပဏီများက ဆောင်ရွက်ပေးကြသည်။  အမွေအနှစ် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လိုကြသူများက အဆိုပါ ပြင်ပကျွမ်းကျင် ပညာရှင် အဖွဲ့အစည်းများ  သို့မဟုတ်  ကုမ္ပဏီများဖြင့် ချိတ်ဆက်၍ အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက်သုတေသနလုပ်ငန်း ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း  ထိုကဲ့သို့ ပြင်ပကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းက ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ  ပြည်ပ  HIA  ကျွမ်းကျင်ပညာရှင် ငှားရမ်းပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပြင်ပမှ စိတ်ဝင်စားသူများအား ၂၉-၁ဝ-၂ဝ၁၉ ရက်မှ၂-၁၁-၂ဝ၁၉ရက်အထိအမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) Level – I  သင်တန်းကိုလည်းကောင်း၊ ၈-၂-၂ဝ၂ဝ  ရက်မှ ၁၅-၂-၂ဝ၂ဝ  ရက်အထိ အမွေအနှစ်  ထိခိုက်နိုင်မှု ဆန်းစစ်ချက် (HIA) Level – II သင်တန်းကိုလည်းကောင်း  သင်ကြား ပို့ချပေးခဲ့ပြီး ဖြစ်သည်။

 

ဆက်လက်၍ အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (Level – III, IV နှင့် V )အထိ သင်ကြားရန် ညှိနှိုင်းပြီး သင်ကြားပေးမည် ဖြစ်သည်။ ထိုသို့ အမွေအနှစ်ထိခိုက်နိုင်မှုဆန်းစစ်ချက်  သင်တန်းငါးကြိမ် ပြီးဆုံးသွားပါကနောင်တွင်အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် လုပ်ငန်းကို ပြင်ပကျွမ်းကျင်ပညာရှင် အဖွဲ့အစည်းက ဆောင်ရွက်မည် ဖြစ်ပြီးရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက အမွေအနှစ်ထိခိုက်နိုင်မှု  ဆန်းစစ်တွေ့ရှိချက်ရလဒ်အပေါ် မူတည်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်သွားရမည် ဖြစ်သည်။

 

ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသများတွင် အမွေအနှစ် ထိခိုက်နိုင်မှု ဆန်းစစ်ချက် လုပ်ငန်းသည် ပြဿနာရှာသည့်လုပ်ငန်း မဟုတ်ပါ။ နည်းစနစ်မှန်ကန်စွာဖြင့်  အမွေအနှစ်များ ရေရှည်တည်တံ့ စေရေး၊ကမ္ဘာ့အမွေအနှစ်ဒေသများအတွက်ကမ္ဘာ့အမွေအနှစ် လမ်းညွှန်ချက်၊ ဥပဒေတို့နှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ညှိနှိုင်းအဖြေရှာပေးသည့် အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး သုတေသနလုပ်ငန်းတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ တစ်မျိုးသားလုံး၏ အမွေအနှစ်များ ပျက်စီးခံရခြင်း၊ ဖျက်ဆီးခံရခြင်းမရှိအောင် အမွေအနှစ်ထိခိုက်နိုင်မှု ဆန်းစစ်ချက် ဆောင်ရွက်၍ အမွေအနှစ်များ ရေရှည်တည်တံ့အောင်  ကာကွယ်ထိန်းသိမ်းကြပါစို့ဟုတိုက်တွန်း  ရေးသားတင်ပြလိုက်ရပါသည်။