၃ မေ

အမေဇုန်ဒေသက လင်းပိုင်တွေဟာ ကောင်ရေ သိသိသာသာလျော့နည်းလာမှုနဲ့ ကြုံတွေ့နေရတဲ့အတွက် တရားမဝင်ဖမ်းဆီးနေမှုကနေ ထိထိရောက်ရောက် အကာအကွယ်မပေးနိုင်ရင် မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ဘရာဇီး သုတေသီတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘိုတိုနဲ့ တူကာဆီ မျိုးစိတ်လင်းပိုင်တွေဟာ ဆယ်နှစ်တစ်ကြိမ် မျိုးပွားလေ့ရှိကြောင်း PLOS ONE ဂျာနယ်မှာ ရေးသားထားပါတယ်။ ပျမ်းမျှအားဖြင့် သားပေါက် တစ်ကောင်ကို လေးနှစ်ကနေ ငါးနှစ်တစ်ကြိမ်သာ မျိုးပွားနိုင်တဲ့ ရေချိုလင်းပိုင်တွေဟာ ငါးစာအတွက် အသက်ခံရမှုနှုန်း မြင့်တက်လာပြီး သူတို့ရဲ့ အသက်ရှင်နေထိုင်မှု အတွက်ပါ အန္တရာယ်ရှိလာပါတယ်။

လွန်ခဲတဲ့ ဆယ်စုနှစ်များစွာက ဘိုတို မျိုးစိတ်လင်းပိုင်တွေဟာ ချဲ့ကားထားတဲ့ ဒဏ္ဍာရီတွေနဲ့ အယူဝါဒအချို့အရ ၎င်းတို့ကို ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးခြင်းခံခဲ့ရပေမဲ့ အဆိုပါလင်းပိုင်ရဲ့ အဆီပြင်နဲ့ အသားဟာဈေးကွက်မှာ ကျယ်ပြန့်နေတဲ့ ငါးခူစာပြုလုပ်ရာမှာ အသုံးဝင်တာကြောင့် အမဲလိုက် သတ်ဖြတ်ခြင်း ခံနေရပါတယ်။

ဘရာဇီးနိုင်ငံ မာရီယားနား ဘေးမဲ့တောရှိ လင်းပိုင်များ ကျက်စားရာနေရာတွေကို ၁၉၉၄ ကနေ ၂၀၁၇ ထိ ခြေရာကောက် စစ်တမ်းယူခဲ့ရာ လက်ရှိနှုန်းအရ ဘိုတို မျိုးစိတ်လင်းပိုင်တွေဟာ ၁၀ နှစ်တစ်ကြိမ် မျိုးပွားပြီး တူကာဆီမျိုးစိတ် လင်းပိုင် တွေဟာ ၉ နှစ်တစ်ကြိမ်သာ မျိုးပွားနိုင်ကြောင်း သိရပါတယ်။ ဒါဟာ အမေဇုန် ရေချိုလင်းပိုင်တွေရဲ့ လက်ရှိမျိုးပွားနှုန်းကို ပထမဆုံးအကြိမ် တိုင်းတာခဲ့ တာဖြစ်ပါတယ်။ ရရှိတဲ့ အဖြေဟာ သိပ်ပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ် ပါတယ်။

မကြာသေးခင်က နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သမဂ္ဂ (IUCN) က ရေချိုလင်းပိုင်တွေရဲ့ဦးရေဟာ စိုးရိမ်စရာကောင်းတဲ့ ကိန်းဂဏန်း အရေအတွက်လို့ပြောဖို့ လုံလောက်မှုမရှိသေးဘူးလို့ စာရင်းပြုစုသတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ PLOS ONE ဂျာနယ်ဟာ (IUCN) အနေနဲ့ မျိုးသုဉ်မှုအန္တရာယ်နဲ့ နီးကပ်နေတဲ့ မျိုးစိတ်တွေနဲ့ နောက်ဆုံးတွေ့ရှိချက်တွေကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

အမေဇုန် မြစ်ဝှမ်းမှာ ရေချိုလင်းပိုင်တွေကို တရားဝင် အကာအကွယ်ပေးထားပေမဲ့ ဥပဒေတွေ ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းဖို့ လိုအပ်သေးကြောင်း သုတေသီတွေက ဆိုပါတယ်။

တောင်အာရှမှာ တွေ့ရတဲ့ အခြားရေချိုလင်းပိုင်မျိုးစိတ်ကိုလည်း (IUCN) က မျဉ်းသုဉ်းပျောက်ကွယ်မှု အန္တရာယ်ရှိတဲ့ မျိုးစိတ်အဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံ ယန်ဇီမြစ်အတွင်းရှိ ဘိုင်ဂျီမျိုးစိတ်လင်းပိုင်တွေကတော့ လွန်ကဲစွာ ငါးဖမ်းမှု၊ ရေကာတာတည်ဆောက်မှု၊ လေထုညစ်ညမ်းမှုတွေနဲ့ ရေကြောင်းသွားလာမှုတွေကြောင့် ၂၀ဝ၆ ခုနှစ်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့ရပါတယ်။

MDN

ကိုးကား - အေအက်ဖ်ပီ