အမေဇုန်မိုးသစ်တော တောမီးငြှိမ်းသတ်ရန် ဘရာဇီးစစ်ဘက်မှ တပ်ဖွဲ့ဝင် ၄၄၀ဝ၀ ကျော်စေလွှတ်

ရီယိုဒီဂျနေးရိုး ၂၇ ဩဂုတ် 


ဘရာဇီးနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး အမေဇုန် မိုးသစ်တော၌ ပမာဏကြီးမားစွာ လောင်ကျွမ်းနေသည့် တောမီးများငြှိမ်းသတ်ရေးတွင် ပါဝင်လုပ်ဆောင်ရန် ဘရာဇီးသမ္မတ ဂျဲဘော် ဆိုနာရိုက တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့သော်လည်း ၎င်းသဘာဝဘေး အန္တရာယ်အား အနည်းငယ်မျှပင် အဆုံးသတ် နိုင်ခြင်းမရှိကြောင်း သတင်းတွင် ဖော်ပြသည်။


ဘရာဇီးကြည်းတပ်မှ တပ်ဖွဲ့ဝင်အင်အား အများစုအပါအဝင် ဘရာဇီးလေတပ်နှင့် ရေတပ်မှတပ်ဖွဲ့ဝင်ဦးရေ ၄၄၀ဝ၀ ခန့်တို့သည် ဩဂုတ် ၂၄ ရက်ကပင် စတင်ကာ အမေဇုန် မိုးသစ်တောအတွင်း လောင်ကျွမ်းနေသည့် တောမီးများကို ငြှိမ်းသတ်လျက်ရှိကြသည်။


ယင်းတောမီး လောင်ကျွမ်းမှုကြီးအား ငြှိမ်းသတ်ရေးအတွက် မီးသတ်လေယာဉ်ကို ဘရာဇီးသမ္မတက စေလွှတ်ခဲ့ပြီး ယင်းမီးသတ် လေယာဉ်များသည် မီးလောင်ပြင်သို့ တစ်ကြိမ် ပျံသန်းငြှိမ်းသတ်ရာ၌ ရေလီတာ ၁၂၀ဝ၀ ဖျန်းပက်ငြှိမ်းသတ်နိုင်သည်။


ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ် ၂၅ ရက်အတွင်း အမေဇုန်မိုးသစ်တောတွင် မီးလောင် မှု ၇၉၀ဝ၀ ဖြစ်ပွားခဲ့ပြီး ယမန်နှစ်က မီးလောင် ကျွမ်းမှုပမာဏထက် ၈၂ ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ကြောင်း ဘရာဇီးအမျိုးသားသိပ္ပံ အာကာသသုတေသနအဖွဲ့က ပြောကြားသည်။


ကမ္ဘာပေါ်တွင် အကြီးမားဆုံး အမေဇုန် မိုးသစ်တော၏ဧရိယာ သုံးပုံနှစ်ပုံသည် ဘရာဇီးနိုင်ငံတွင်း၌ တည်ရှိသည်။


ဘရာဇီးနိုင်ငံမှ လယ်သမားများသည် စိုက်ပျိုးရာသီအတွင်း တရားမဝင် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် တောရိုင်းမြေရှင်းလင်းမှုများ ပြုလုပ်ရန်အတွက် တောမီးရှို့မှုများ ရံဖန်ရံခါ ပြုလုပ်လေ့ရှိသည်။


တောမီးလောင်မှုများ ပျံ့နှံ့ရခြင်းအတွက် ဘရာဇီးသမ္မတက မိုးခေါင်မှုအပေါ် ပြစ်တင် ပြောကြားခဲ့ပြီး စစ်ဘက်တပ်ဖွဲ့ဝင်များ အနေဖြင့် လယ်သမားများကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ကြရန် ပြောကြားသည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေဇုန်မိုးသစ်တော တောမီးငြှိမ်းသတ်ရေးအတွက် အကူအညီပေးရန် အသင့်ရှိကြောင်း ၎င်းအား ပြောကြားသည်ဟု ဘရာဇီးသမ္မတ က ပြောကြားသည်။


ဘရာဇီးနိုင်ငံ၏ တောမီးငြှိမ်းသတ်ရေး လုပ်ငန်းများ၌ ပါဝင်ကူညီနိုင်ရေးအတွက် ဂျီ-၇ အုပ်စုဝင် နိုင်ငံများက သဘောတူညီကြကြောင်း ဂျပန်အစိုးရ အတွင်းဝန်ချုပ် ယိုရှီဟေဒီဆုဂါက ပြောကြားပြီး ဂျပန်နိုင်ငံက ဘရာဇီးနိုင်ငံသို့ အထောက်အပံ့ပေးရန် အသင့်ရှိကြောင်း ပြောကြားသည်။


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- ဇော်ဝင်း