ဆော်ပေါလို ဇွန် ၁၉
ဘရာဇီးရဲတပ်ဖွဲ့သည် အမေဇုန်ဒေသတွင် ပျောက်ဆုံးသွားသော ဗြိတိန်ဂျာနယ်လစ်တစ်ဦးကို သေဆုံးလျက် တွေ့ရှိကြောင်း ပြောသည်။ ဗြိတိန်ဂျာနယ်လစ် ဒွန်ဖီးလစ်သည် ဘရာဇီးပညာရှင် တစ်ဦးနှင့်အတူ အမေဇုန်ပြည်နယ်၏ ဝေးလံခေါင်ဖျားသောဒေသမှ ဌာနေလူမျိုးများအကြောင်း သုတေသနပြုလုပ်နေစဉ် ဇွန် ၅ ရက် က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ဒေသခံတံငါသည်နှင့် အခြားသူတစ်ဦး၏ ဝန်ခံမှုအပေါ် အခြေခံ၍ လူသေဆုံးမှုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ သေဆုံးသူသည် ဗြိတိန်ဂျာနယ်လစ် ဒွန်ဖီးလစ်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသော အဆိုပါ တံငါသည်သည် ဒွန်ဖီးလစ်ကို သတ်ခဲ့သည်ဟု ဝန်ခံကြောင်း၊ ထိုသို့ သတ်ရခြင်း၏ အကြောင်းရင်းကို မသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ဆက်ပြောသည်။
ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအာဏာပိုင်များသည် တရားမဝင် သစ်ခိုးထုတ်မှု၊ ရွှေတူးဖော်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် အခြားသော ရာဇဝတ်မှုများ ကျူးလွန်ပျံ့နှံ့လျက်ရှိသည့် ဝေးလံခေါင်ဖျားသော အမေဇုန်ဧရိယာကို အနည်းငယ်သာ ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။ ကုလသမဂ္ဂသည် အမေဇုန်တွင် ယခုလို ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန်နှိမ်နင်းရန် ဘရာဇီးအစိုးရကို တောင်းဆိုထားသည်။
အင်န်အိတ်ချ်ကေ