အမေရိကန် အာကာသ လေ့လာရေးခရီးစဉ်တွေ ပြန်လည်စတင်ဖို့ ထရန့် ညွှန်ကြား

ဝါရှင်တန်    ၁၂  ဒီဇင်ဘာ


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ၎င်းလက်ထက် ပထမဆုံး အာကာသဆိုင်ရာ ညွှန်ကြားချက်တစ်ခုကို တင်္နလာနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 


အဆိုပါညွှန်ကြားချက်မှာ အာကာသယာဉ်မှူးတွေကို လကမ္ဘာပေါ်ကို လေ့လာရေးခရီး ပြန်လည်ပို့ဆောင်ပေးမယ့် အစီအစဉ်တွေနဲ့ နောက်ဆုံး အင်္ဂါဂြိုလ် ပေါ်ထိ အောင်မြင်စွာခြေချနိုင်ဖို့ နာဆာ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) ကို ညွှန်ကြားထားတဲ့ အချက်တွေ ပါဝင်ပါတယ်။


အာကာသဆိုင်ရာ အကြံဉာဏ်တွေပေးနိုင်ဖို့အတွက် ဇွန်လက ထရန့် ညွှန်ကြားချက်အရ ပြည်လည်တည်ထောင်ခဲ့တဲ့ အမျိုးသား အာကာသရေးရာကောင်စီ National Space Council ရဲ့အကြံပြုချက်တွေအပေါ် အခြေခံထားတဲ့ အဆိုပါ အာကာသဆိုင်ရာ ညွှန်ကြားချက်အမှတ်-၁ ဟာ ထရန့်ရဲ့ အာကာသဆိုင်ရာမူဝါဒကို စူးစမ်းရှာဖွေမှုတွေနဲ့အတူ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ရာမှာ ကူညီပေးမှာဖြစ်ပါတယ်။


အဆိုပါကောင်စီကို ၁၉၈၉ ခုနှစ် သမ္မတ George H.W. Bush လက်ထက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး သမ္မတ ကလင်တန်လက်ထက် ၁၉၉၃ မှာ ဖျက်သိမ်းခဲ့တာကြောင့် ၂၀၂၀ မှာ လကမ္ဘာပေါ်ကို အာကာသယာဉ်မှူးတွေပို့ဆောင်ပြီး အင်္ဂါဂြိုလ်ပေါ်ထိ ဆက်သွားဖို့ ရည်ရွယ်ထားတဲ့ သမ္မတ George W. Bush ရဲ့ ကြယ်တာရာတွေဆီပို့ဆောင်မယ့်အစီအစဉ်တွေ ရပ်တန့်ခဲ့ရပါတယ်။ 


၂၀၁၀ ခုနှစ် သမ္မတ ဘာရက်အိုဘားမားလက်ထက် အမေရိကန်တွေဟာ လကမ္ဘာပေါ် ခြေချပြီးပါပြီ။ အာကာသထက် တခြားအရေးကြီး လုပ်စရာတွေ အများကြီးရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်တန့်ထားခဲ့တဲ့ အာကာသအစီအစဉ်တွေနဲ့ အငြင်းပွားဖွယ် ဂြိုလ်သိမ်ဂြိုလ်မွှားဆိုင်ရာ Asteroid Redirect Mission ကို ထရန့်ကလက်ထက်မှာ ပြန်လည်စတင်လိုက်တာဖြစ်ပါတယ်။


“ထရန့် စတာဝန်ယူစဉ်ကတည်းက နာဆာရဲ့ အာကာသစူးစမ်းလေ့လာမှုတွေကို ပြန်အာရုံစိုက်ခဲ့တယ်၊ အမေရိကန်ကို အာကာသသိပ္ပံနယ်ပယ်မှာ အဓိကမောင်နှင်အားဖြစ်လာဖို့ ဆောင်ရွက်နိုင်လိမ့်မယ်” လို့ အိမ်ဖြူတော် ဒုတိယစာနယ်ဇင်းအတွင်းရေးမှူး ဟိုဂန် ဂစ်ဒ်လေက ယမန်နေ့အစောပိုင်း ကြေညာချက်တစ်စောင်မှာ ရေးသားထားပါတယ်။


ဘာသာပြန်-မိုးမမ
Source: Xinhua