မနီလာ ၁၇ ဇူလိုင်
အမေရိကန်မှ အမ် ၁၆ ရိုင်ဖယ်သေနတ်များနှင့် ဆက်စပ်ကိရိယာများကို ဝယ်ယူရန် ဖိလစ်ပိုင်က စိတ်ဝင်စားနေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီအိုဒိုရို လော့ဆင်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ရှစ်ကြိမ်မြောက် အမေရိကန်-ဖိလစ်ပိုင် နှစ်နိုင်ငံမဟာဗျူဟာဆွေးနွေးပွဲအတွက် မနီလာသို့ရောက်ရှိနေသည့် အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတီဝဲလ်နှင့် တွေ့ဆုံခဲ့ပြီးနောက်တွင် အမေရိကန်မှ ရိုင်ဖယ်သေနတ်များ ဝယ်ယူမည့် အစီအစဉ်ကို လော့ဆင်က ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် ဖိလစ်ပိုင်ချစ်ကြည်မှုကို အပြောမှ လက်တွေ့သို့ ပြောင်းလဲနိုင်ရန်မှာ အမ် ၁၆ ရိုင်ဖယ်သေနတ်အသစ် ၇၄၀ဝဝ ကို ဖိလစ်ပိုင်သို့ ရောင်းချပေးရန်ဖြစ်ကြောင်း၊ မစ္စတာစတီဝဲလ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု မစ္စတာလော့ဆင်က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုကို အမေရိကန်ဘက်မှ တုံ့ပြန်ရန် စောင့်ဆိုင်း လျက်ရှိကြောင်းကိုလည်း လော့ဆင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အမေရိကန်မှ ရိုင်ဖယ်သေနတ် ၂၆၀ဝဝ ဝယ်ယူ မည့်အစီအစဉ်ကို ဖျက်သိမ်းရန် ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့သို့ ညွန်ကြားခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ရိုင်ဖယ်သေနတ်များအား ဖိလစ်ပိုင် ရဲတပ်ဖွဲ့သို့ ရောင်းချမှုကို ရပ်တန့်ရန် အမေရိကန်က ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုသို့ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။
ဆင်ဟွာ