မန္တလေး ၃ အောက်တိုဘာ

 

မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် အောက်တိုဘာ ၃ ရက်က အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များနှင့် မန္တလေးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အခွင့်အလမ်း ရလဒ်ကောင်းများ ရရှိလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

 

ယင်းတွေ့ဆုံပွဲတွင် အမေရိကန်သံရုံးမှ ဒုတိယသံအမတ်ကြီး Mr. George Sibley ၊ US - ASEAN Business Council မှ တာဝန်ရှိသူများ၊ Abbott, Amazon, Bower Group Asia, Chevorn, Chubb, Coca Cola, Diageo, Ford, Google, Jhpiego, Master Card, Visa စသည်တို့မှ ကိုယ်စားလှယ် (၃၀)ဦးနှင့် မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

 

"မန္တလေးမှာ ဒီလိုနိုင်ငံကြီးတစ်နိုင်ငံက အရင်က လာဖို့ဆိုတာအဝေးကြီးပဲ။ လာတဲ့အကျိုးကလည်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကောင်းတယ်။ သူတို့လာတာနဲ့ ဒီမှာစီးပွားရေးတွေလာနေပြီ ဒါ့ကြောင့် ရလဒ်ကောင်းတွေရရှိလာနိုင်ပါတယ်" ၎င်းကပြောသည်။

 

အနောက်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်း ချိတ်ဆက်လုပ်ကိုင်မည်ဆိုပါက မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ကုန်ပစ္စည်းအရည်အသွေးများ မြှင့်တင်ရမည်ဖြစ်ပြီး ထိုသို့ ထုတ်ကုန်ပစ္စည်းအရည်အသွေးများ မြှင့်တင်ရန်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်း/ပြည်ပ ခရီးသွားကဏ္ဍနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ ရှိခဲ့သည်။

 

ယင်းတွေ့ဆုံမှုသည် American Business Corner (ABC) ဖွင့်လှစ်အပြီးတွင် ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။ American Business Corner (ABC) ကို အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် ပထမဆုံးအဖြစ် မန္တလေးမြို့၌ မတ်လ ၁၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါသည်။

 

သူရိန်လင်း