၁၄ ဩဂုတ်
နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် အမေရိကန် ရွေးကောက်ပွဲမှာ ရီပက်ပလစ်ကန်ပါတီမှ သမ္မတ ဒေါ်နယ်ထရမ့်ကို စိန်ခေါ်မယ့် ဒီမိုကရက်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒန် က အထက် လွှတ်တော်အမတ် ကာမာလာ ဟားရစ် ကို ဒုသမ္မတလောင်း အဖြစ် ရွေးချယ်လိုက်ပါတယ်။
ကာမာလာ ဟားရစ်ကို ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်းမှာ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံသူ မိခင် နဲ့ ဂျမေကာနိုင်ငံသား ဖခင် တို့ကနေ မွေးဖွားလာသူ ဖြစ်ပါတယ်။
မိခင်ဖြစ်သူဟာ အိန္ဒိယနိုင်ငံသူ ရှာမာလာ ဂိုပါလန် ဟာ ရင်သားကင်ဆာ သုတေသန ပညာရှင် ဖြစ်ပြီး ဖခင်ဖြစ်သူဟာ ဂျမေကာ နိုင်ငံသား ဂျွန်ဟားရစ်ဟာ စီးပွားရေး ပညာရှင် ဖြစ်ပါတယ်။
ရှာမာလာဂိုပါလန် ဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးနာဒူး ပြည်နယ်ကနေ ပါရဂူဘွဲ့ ရယူရန် အမေရိကန် နိုင်ငံကို ၁၉၆၀ ခုနှစ်တွင် ရောက်ရှိလာသူဖြစ်ပြီး ဖခင်ဖြစ်သူ ဂျွန်ဟားရစ် ဟာ စတန်းဖို့ တက္ကသိုလ်မှ စီးပွားရေး ပညာရှင်ဖြစ်ပြီး ဂျမေကာနိုင်ငံမှ အမေရိကန်နိုင်ငံကို ၁၉၆၁ ခုနှစ်တွင် ပြောင်းရွေ့လာသူ ဖြစ်ပါတယ်။
သူမရဲ့ မိဘများဟာ ကာမာလာ ငါးနှစ်အရွယ်မှာ ကွဲသွားပြီး ကာမာလာနဲ့ ညီမဖြစ်သူ မာယာတို့ကို မိခင် ဖြစ်သူ ရှာမာလာဂိုပါလန် က ပြုစုပျိုးထောင်ခဲ့ပါတယ်။ မိခင် ဖြစ်သူဟာ ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။
ဟားရစ်ဟာ ဝါရှင်တန်ရှိ ဟောင်းဝပ် တက္ကသိုလ်မှ ပထမဘွဲ့ ရရှိခဲ့ပြီး ဉပဒေဘွဲ့ကို ကယ်လီဖိုးနီးယား တက္ကသိုလ် ဟတ်စတီး ဉပဒေကောလိပ်မှ ရရှိခဲ့သည်။ ကယ်လီဖိုးနီးယားရဲ့ ပထမဆုံး အမျိုးသမီး ရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ကာမာလာ ဟာ ပထမဆုံး တောင်အာရှနွယ်ဖွား တစ်ယောက် အနေနဲ့ အထက် လွှတ်တော် အမတ် ဖြစ်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ကာမာလာဟားရစ် ရဲ့ ဉီးလေးဖြစ်သူ ပညာရှင် ဘာလာချန်ဒရာ ဂိုပါရန်က သူတို့ ဘယ်လောက်ပျော်တယ်ဆိုတာ မေးစရာတောင် လိုမယ် မထင်ပါဘူးလို့ အစချီပြီး တူမဖြစ်သူ ကာမာလာဟာ တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်တဲ့သူ အထူးသဖြင့် ပြည်သူ့ ဝန်ဆောင်မှုနဲ့ လူသား အခွင့်အရေးတွေ တစိုက်မတ်မတ် လုပ်တတ်သူ ဖြစ်တယ်လို့ ပြောပါတယ်။ ကာမလာရဲ့ အဓိပ္ပါယ်ဟာ တမီးဘာသာအရ ကြာပန်း လို့ ခေါ်ကြောင်း သိရပါတယ်။
ကာမာလာရဲ့ မိခင်ဟာ သမီးတွေကို အိန္ဒိယကို မကြာခဏ ခေါ်လာလေ့ရှိကြောင်း နဲ့ ၂၀၀၉ ခုနှစ်မှာ မိခင်ဖြစ်သူ ရှာမာလာ သေဆုံးတဲ့ အချိန်မှာ ကာမလာက မိခင်ဖြစ်သူရဲ့ ကြွင်းကျန် ရုပ်ကြွင်းပြာကို ဘင်္ဂလား ပင်လယ်အော်ထဲ လာမျှောခဲ့ကြောင်း သိရပါတယ်။
ကာမာလာက သူ့မှာ ရာထူးတွေ တာဝန်တွေ အမြောက်အမြားကို ရရှိပြီး ဖြစ်ပေမယ့် ဒုသမ္မတ ဆိုတဲ့ ရာထူးတော့ ရချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က ကာမာလာဟားရစ် ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်မှုအပေါ် ဝေဖန်လိုက်ပြီး ကာမာလာ ကို “nasty” “mad woman” လို့ ခေါ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
MDN
ကိုးကား - AFP