အမ်မန် ၂၇ ဩဂုတ် 


နိုင်ငံပေါင်း ၃၀ မှ တပ်ဖွဲ့ဝင် ၈၀ဝဝ ကျော်တို့သည် ဩဂုတ် ၂၅ ရက်က ဂျော်ဒန်နိုင်ငံအရှေ့ဘက် သဲကန္တာရဒေသတွင် စတင်ပြုလုပ်ခဲ့သည့် "စိတ်ထက်သန်သော ခြင်္သေ့" ဟု အမည်ပေးထားသော အမေရိကန်-ဂျော်ဒန် စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်လျက်ရှိကြသည်။


စက်တင်ဘာ ၅ ရက်အထိ ကြာမြင့်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများအပြား ပါဝင်ကြောင်း ဂျော်ဒန်တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး မိုဟာမက် အယ်လ်သာလ်ဂျီက ပြောကြားသည်။စစ်ရေး လေ့ကျင့်မှုအတွက် ကြိုတင်ပြင်ဆင်မှုများကို လွန်ခဲ့သည့် တစ်နှစ်ကျော်က စတင်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှု၏ အဓိက ရည်ရွယ်ချက်မှာ အကြမ်းဖက်မှုနှိမ်နင်းရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


ထို့အပြင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ တစ်ရပ်ကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစစ်ရေး လေ့ကျင့်မှုသည် လေ့ကျင့်မှု၌ပါဝင်သည့် တပ်ဖွဲ့ဝင်များအကြား အဆင့်မြှင့်တင်ထားသည့် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။


ဆက်လက်၍ အမေရိကန်ဗိုလ်ချုပ် ဘရက်ဒလီ အေဆွန်ဆန်က ယခုကဲ့သို့ ကြီးမားသော စစ်ရေးလေ့ကျင့် မှုပြုလုပ်ခြင်းသည် ရှုပ်ထွေးသော ပတ်ဝန်းကျင်၌ တာဝန် ထမ်းဆောင်လျက်ရှိသော နှစ်နိုင်ငံတပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု၊ အဆင်သင့်ရှိမှုနှင့် တုံ့ပြန်မှုထိန်းသိမ်း ရေးအတွက် မိမိတို့၏ ကတိကဝတ်ပြုမှုများကို လက်တွေ့ပြသခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။


အဆိုပါစစ်ရေးလေ့ကျင့်မှု၌ ပါဝင်သည့် နိုင်ငံ ၃၀ ထဲတွင် ပြင်သစ်၊ ဗြိတိန်၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျပန်၊ ကနေဒါ၊ ကူဝိတ်၊ လက်ဘနွန်၊ ကင်ညာ၊ စပိန်၊ ဂျာမနီနှင့် တာဂျီကစ္စတန် နိုင်ငံတို့လည်း ပါဝင်ကြကြောင်း သိရသည်။


အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံစုံစစ်ရေး လေ့ကျင့်မှုတစ်ခုဖြစ်ပြီး ဂျော်ဒန်နိုင်ငံက မိတ်ဖက်နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုဖလှယ်ရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။


ကိုးကား-ဆင်ဟွာ
ဘာသာပြန်- ဂျေတီ