၂၀ နိုဝင်ဘာ
အမေရိကန်နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု များနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ဂိတ်တွေကို ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ဆက်လက်ပိတ်ထားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
အမေရိကန် ပြည်ထဲရေးဝန်ကြီး ချတ် ဝုဖ် က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု တားဆီးရန် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေနဲ့ အရေးမကြီးတဲ့ ကိစ္စတွေ ခရီးသွားလာခြင်း မပြုရန် ဆက်လက် တားမြစ်ကြောင်း၊ ဒါပေမယ့် အရေးကြီးကိစ္စနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ အတွက်တော့ သွားခွင့်ပြုမှာ ဖြစ်ကြောင်း ပြောပါတယ်။
ကနေဒါ လုံခြုံရေး ဝန်ကြီးကလည်း နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်အရ နယ်စပ်ဂိတ်တွေ ဆက်လက် ပိတ်သွားမယ်လို့ အတည်ပြု ပြောကြားပါတယ်။
အမေရိကန်- ကနေဒါ နယ်စပ်ဂိတ်ဟာ ကမ္ဘာပေါ်မှာ အရှည်ဆုံး ကုန်းလမ်း နယ်စပ်ဂိတ်ဖြစ်ပါတယ်။ အဲဒီနယ်စပ်ဂိတ်ကို မတ်လကစပြီး ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်မှု တားမြစ်ရန်အတွက် နယ်စပ်ဂိတ် စတင်ပိတ်ထားချိန်ကစပြီး ရောဂါပိုး အခြေအနေကို တစ်လခြင်းစီ သုံးသပ်ပြီး အရေးမကြီးတဲ့ ကိစ္စအတွက် ခရီးသွားခွင့် မရှိအောင် ဆက်လက် ပိတ်ထားခဲ့ပါတယ်။
အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂၅၀,၀၀၀ ကျော် ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ သေဆုံးသူ ၁၀၀,၀၀၀ ကျော်ရှိပြီး ကနေဒါနိုင်ငံမှာတော့ သေဆုံးသူဟာ ၁၁,၀၀၀ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP
