၁၂ ဇွန်
မြောက်ကိုရီးယားခေါင် ကင် နဲ့ အမေရိကန်သမ္မတ တို့ဟာ ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် တွေ့ဆုံပွဲကနေ ထားရှိခဲ့တဲ့ မျှော်လင့်ချက် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၁၂ ရက် သောကြာနေ့မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေရာ ထရမ့်-ကင်တို့ရဲ့ ဗီယက်နမ်နိုင်ငံက ဆွေးနွေးပွဲအပြီးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနမှ နှစ်နိုင်ငံလုံးရှိ ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုလားပေမယ့် အမေရိကန်အစိုးရက အခြေအနေတွေဆိုးအောင် လုပ်ဆောင်နေကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင်းမှာ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေး မျှော်လင့်ချက် ရောင်နီလေးက ပျောက်ကွယ်သွားပြီး အမှောင်ထုထဲကို ရောက်ရှိသွားပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြေညာသွားပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံ အနေနဲ့ အုပ်ချုပ်သူ ပြောင်းလဲရေးကိုသာ လုပ်ဖို့ဆန္ဒရှိကြောင်း၊ မြောက်ကိုရီးယား တိုးတက်ရေးကို ဘာမှ မပေးကြောင်း၊ မြောက်ကိုရီးယား အနေနဲ့ သူတို့အတွက် ဘာမှ ပြန်မရရင် ဘာတစ်ခုမှ ပေးမှာ မဟုတ်ကြောင်း ပြောကြားပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တတိယအကြိမ် တွေ့ဆုံပွဲကို ကိုရီးယားနှစ်နိုင်ငံရဲ့ စစ်မဲ့ဇုန် အတွင်းမှာ ၂၀၁၉ ခုနှစ် ဇွန်လက တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန် သမ္မတဟာ မြောက်ကိုရီးယားပိုင်နက် အတွင်းကို ခြေချခဲ့တဲ့ ပထမဦးဆုံး အမေရိကန် သမ္မတ ဖြစ်ပါတယ်။
အမေရိကန်သမ္မတကတော့ သူနဲ့ ကင်တို့ကြားမှာ ပုဂ္ဂိုလ်ရေးဆက်ဆံမှု ကောင်းမွန်ကြောင်း ထပ်ခါထပ်ခါ ပြောနေခဲ့ပါတယ်။
MDN
ကိုးကား - AFP