ဝါရှင်တန် ၂၁ မေ
ယမန်နေ့ ညပိုင်းတွင် အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေလှောင်တမံနှစ်ခု ကျိုးပေါက်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် အီဒန်ဗီလီနှင့် ဆန်ဖော့ဒ် ရေလှောင်တမံများ ကျိုးပေါက်ခဲ့သည့်အတွက် မစ်လန်ခရိုင်နယ်မြေအတွင်း ရှိဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။
ရေအနက်ကိုးပေအထိ ရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် မီချီဂန်ပြည်နယ်အတွင်း ရှိ မစ်လန်ခရိုင်ဒေသများတွင် ရေအနက်ကိုးပေအထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် ဒိုးဓာတု ဆေးဝါးစက်ရုံသည် အရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးလုပ်ငန်း စဉ်များကို စီမံထားလျက်ရှိသည်။ မစ်လန်ခရိုင် အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝတ်မာက ရေလှောင်တမံများ ကျိုးပေါက်ခဲ့ပြီးနောက် ခရိုင်အတွင်း၌ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ လူဦးရေ ၄၀၀၀၀ ကျော်ရှိသည့် မစ်လန်ခရိုင်အတွင်း ယခုဖြစ်ပွားလျက်ရှိသည့် ရေကြီးမှုသည် သမိုင်းခေတ်အဆက်ဆက်တွင် ရေအနက်ပေ အမြင့်မားဆုံး ရေကြီးရေလျှံမှုဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝတ်မာက ဆိုသည်။
ရေကြီး ရေလျှံမှုများကြောင့် ဒေသခံပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိစဉ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက်နှာခေါင်းစည်းများ ဝတ်ဆင်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် အုပ်ချုပ်ရေးမှူး ဂရတ်ချန်ဝတ်မာ က တိုက်တွန်းပြောကြားခဲ့သည်။
ကိုးကား-ဘီဘီစီ ဘာသာပြန်-အောင်ကျော်ကျော်