အမေရိကန် - မက္ကဆီကို နယ်စပ်ကို ပိတ်ပစ်ရန် ရာနှုန်းပြည့်အသင့်ဖြစ်နေကြောင်း ထရမ့် ပြော

ဝါရှင်တန်  ၄  ဧပြီ

 

လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြင်ဆင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ကွန်ဂရက် လွှတ်တော်နှင့် သဘောတူညီမှု မရရှိခဲ့ပါက တောင်ပိုင်းနယ်စပ်ကို ပိတ်ရန် ရာနှုန်းပြည့် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။    

 

အမေရိကန်ပြည်ထောင်စုသည် တရားမဝင် ရွှေ့ပြောင်းသွားလာသူအရေး ကိုင်တွယ်ဆောင်ရွက်နေရမှုများ ကမ်းကုန်သွားပြီဖြစ်ပြီး ယင်းကိစ္စသည် အလွန်တရားမျှတမှုမရှိသည့် ကိစ္စဖြစ်ကြောင်း ထရမ့်က ပြောသည်။

 

အမေရိကန်သမ္မတသည် ဗဟို အမေရိကနိုင်ငံများဖြစ်သည့် ဟွန်ဒူး ရပ်စ်၊ ဂွါတီမာလာ ၊ အယ်ဆာဗေးဒိုးနိုင်ငံများအား အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာနေသည့် ရွှေ့ပြောင်းသွားလာသူလူအုပ်ကြီးကို စစ်ဆေးစောင့်ကြည့်သည့် တာဝန်ကို ကျေပွန်ခဲ့ခြင်းမရှိကြောင်း ပြစ်တင်ပြောဆိုခဲ့ပြီး ယင်းနိုင်ငံများသို့ အကူအညီပေးအပ် နေမှုများကို ဖြတ်တောက်လိုက်တော့ မည်ဖြစ်ကြောင်း ခြိမ်းခြောက်လျက် ရှိသည်။

 

ဗဟို အမေရိကနိုင်ငံများသို့ ဒေါ်လာ သန်းပေါင်း ရာချီပေးနေခဲ့သော်လည်း အမေရိကန်အတွက် အလုပ်လုပ်ပေးခဲ့ခြင်း မရှိဟု ထရမ့်က ပြောကြားခဲ့သည်။ ထရမ့်၏မှတ်ချက်များအရ စီးပွားရေး ပြိုလဲနိုင်သည့် အန္တရာယ်ရှိနေသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း မှန်းဆမှုများ ပေါ်ထွက်လာခဲ့သည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့အစောပိုင်းက အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဆာရက်ဆန်းဒါးစ်က တောင်ပိုင်းနယ်စပ်ကို ပိတ်ပစ်မည့် အစီအစဉ်က အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်အဖွဲ့ဝင်များက မိမိတို့ကို သေချာပေါက် ချန်ထားခဲ့ပြီဖြစ်ပြီး ယခုအချိန်တွင် ရွေးချယ်စရာမရှိကြောင်း ၎င်းက မီဒီယာသို့ ပြောကြားခဲ့သည်။

 

ဆင်ဟွာ