ဝါရှင်တန်  ၅  ဖေဖော်ဝါရီ

 

အမေရိကန် -မက္ကဆီကိုနယ်စပ်တွင် နယ်စပ်လုံခြုံရေးကိစ္စများ ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၃၇၅၀ ခန့်ကို သုံးလကြာ တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က တနင်္ဂနွေနေ့တွင် ကြေညာခဲ့သည်။ အမေရိကန် အကောက်အခွန်နှင့် နယ်စပ်လုံခြုံရေးအတွက် အားဖြည့်သွားရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ယခုအခါ တပ်ဖြန့်ချထားသည့် တပ်ဖွဲ့ဝင်ပေါင်း ၄၃၅၀ ခန့် ရှိလာပြီဖြစ်သည်။

 

ယခု အသစ်ထပ်မံတပ်ဖြန့်ချထားသည့်အဖွဲ့ကို ရက်ပေါင်း ၉၀ခန့် တာဝန်ချထားမည်ဖြစ်ပြီး အမေရိကန်တောင်ပိုင်း နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် အဆိုပါတပ်ဖွဲ့၏ စွမ်းဆောင်ရည်တို့ကို အကဲဖြတ်သွားမည်ဖြစ်သည်ဟု ပင်တဂွန်၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

 

နယ်စပ်လုံခြုံရေးရန်ပုံငွေအတွက် လွှတ်တော်နှစ်ရပ်တွင် သဘောတူညီမှုရရှိရေး ကြိုးစားနေစဉ် ယခုလို ကြေညာမှုမျိုး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အကယ်၍ နယ်စပ်တံတိုင်းကာရံရန်အတွက် ရန်ပုံငွေချထားပေးရန် လွှတ်တော်မှသဘောမတူလျှင် နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်သွားမည်ဟု အဆိုပြုထားသည်။

 

အိမ်ဖြူတော်နှင့် လွှတ်တော်မှဒီမိုကရက်များက နယ်စပ်တွင်တံတိုင်းကြီးတည်ဆောက်ရန် ရန်ပုံငွေအတွက် သဘောတူညီချက် မရခဲ့ခြင်းကြောင့် ရက်ပေါင်း ၃၅ ရက်ကြာ အစိုးရယန္တရားအချို့ ရပ်ဆိုင်းသွားခဲ့ရပြီး ပြီးခဲ့သည့်ဒီဇင်ဘာ ၂၅ ရက်ကမှ ယန္တရားအချို့ ပြန်လည်လည်ပတ်နိုင်ခဲ့သည်။ ယခုအသစ် ထပ်မံစေလွှတ်မည့် တပ်ဖွဲ့အသစ်သည်လည်း နယ်စပ်၌ အတားအဆီးများ လုပ်ဆောင်ရာတွင်လည်းကောင်း၊ ကင်းလှည့်စောင့်ကြည့်ရာတွင် လည်းကောင်း၊ နယ်စပ်ကို စောင့်ကြည့်ရာတွင်လည်းကောင်း အထောက်အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆင်ဟွာ