၁၈ နိုဝင်ဘာ
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု များနေတာကို တားမြစ်နိုင်ရန် ရောဂါပိုး ရှိ၊ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်တဲ့ ကိရိယာကို အရေးပေါ် အနေနဲ့ သုံးစွဲခွင့်ကို မနေ့(အင်္ဂါနေ့)က ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကိုယ်တိုင် စစ်ဆေးနိုင်တဲ့ ကိရိယာကို ဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ မိမိတို့ အိမ်မှာ သုံးစွဲခွင့်ရှိကြောင်း FDA က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ အဲဒီကိရိယာဟာ မိနစ် ၃၀ အတွင်း ရောဂါပိုး ရှိ မရှိကို အဖြေပေးနိုင်ကြောင်းနဲ့ အသက် ၁၄ နှစ်နဲ့အထက် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိသူလို့ ဆရာဝန်က သံသယ ရှိသူတွေသာ အသုံးပြုခွင့်ရှိကြောင်း သိရပါတယ်။
Lucira Health ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးရေး ကိရိယာကို FDA က ခွင့်ပြုတာဖြစ်ပြီး အဲဒီ ကိရိယာဟာ နှာခေါင်းတို့ဖတ်ယူပြီး စက်ကလေးပေါ်မှာ တင်လိုက်ရမှာ ဖြစ်ပါ တယ်။ အဲဒီ စက်ကလေးကနေ မိနစ် ၃၀ အတွင်း အဖြေကို ထုတ်ပေးမယ်လို့ ဆိုပါတယ်။ တန်ဖိုးအားဖြင့်လည်း ဒေါ်လာ ၅၀ အောက်သာ ရှိတဲ့အတွက် လူအများ သုံးနိုင်တဲ့ ဈေးဖြစ်ကြောင်း သိရပါတယ်။
အမေရိကန် နိုင်ငံမှာ ၂၄ နာရီအတွင်း အင်္ဂါနေ့က ပိုးတွေ့ရှိသူ ၁၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၇၄၀ ရှိတဲ့အတွက် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံသူ စုစုပေါင်း ၁၁,၃၄၀,၅၆၃ ဦးနဲ့ သေဆုံးသူ ၂၄၈,၄၂၉ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MDN
ကိုးကား - AFP