၁ စက်တင်ဘာ
ကျောင်းသားများအကြား ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ခြောက်သန်းကျော် ရှိသွားပြီ ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှု အများဆုံးနှင့် သေဆုံးနှုန်း အများဆုံးနိုင်ငံဖြစ်သည်။
တနင်္လာနေ့တွင် အမေရိကန် စံတော်ချိန် ၁၈ နာရီအထိ ရောဂါဖြစ်ပွားသူ အရေအတွက် စုစုပေါင်း ၆၀ဝ၉၈၉၉ ဉီး ရှိပြီ ဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စုတွင် သေဆုံးသူပေါင်း ၁၈၀ဝ၀ဝ ဉီးရှိပြီ ဖြစ်သည်။
ပြီးခဲ့သည့် အပတ်က အိုင်အိုဝါ၊ မြောက်ဒါကိုတာနှင့် တောင်ဒါကိုတာတို့တွင် ရောဂါကူးစက်မှု အသစ်များ တွေ့ရှိခဲ့ရသည်။
ပြည်နယ်များရှိ ကောလိပ်များနှင့် တက္ကသိုလ်များကို ပြန်လည် ဖွင့်လှစ်ခြင်းနှင့် ကူးစက်မှုများမှာ ဆက်စပ်လျက်ရှိကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ဩဂုတ်လ အစောပိုင်းတွင် အိုင်အိုဝါတွင် နေ့စဉ် ရောဂါကူးစက်ခံရသူ အသစ် ၅၀ဝခန့် ရှိသည်။
ဩဂုတ်လ နှောင်းပိုင်းတွင်း အတန်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ အိုင်အိုဝါ တက္ကသိုလ်တွင် တစ်ပတ်အတွင်း ကျောင်းသား ၆၀ဝ ကျော် ကူးစက်ခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
အိုင်အိုဝါပြည်နယ်တွင် ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်း တစ်နေ့ထဲတွင် ကူးစက်မှုပေါင်း ၂၆၀ဝ ကျော် ရှိသွားပြီဖြစ်သည်။
အလန်ဘာမာ ကဲ့သို့သော အခြားပြည်နယ်များတွင်လည်း အလားတူ ကူးစက်မှုမျိုး ကြုံတွေ့ရလျက် ရှိသည်။
အလန်ဘာမာ တက္ကသိုလ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ နောက်ပိုင်း ကျောင်းဝင်းအတွင်း အတန်းများ ပြန်လည်ဖွင့်လှစ်ချိန်မှစ၍ ကူးစက်မှု အသစ် ၁၀ဝ၀ ကျော်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
တနင်္ဂနွေနေ့ အတွင်းက အနည်းဆုံး ပြည်နယ် ၃၆ ခုရှိ ကောလိပ်များနှင့် တက္ကသိုလ်များတွင် ကူးစက်မှုပေါင်း ၈၇၀ဝ ကျော် ရှိကြောင်း CNN ပြောကြားခဲ့သည်။
ကျောင်းများသည် စာသင်နှစ် တစ်နှစ်ကို စတင်နေပြီဖြစ်သောကြောင့် ကျောင်းသားများ အတန်းတက်နေစဉ်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ခက်ခဲသော စိန်ခေါ်မှုဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်