မနီလာ ၉ နိုဝင်ဘာ
အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် အနီးကပ်လက်တွဲဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေး က ယနေ့ပြောကြားလိုက်သည်။
“အပြန်အလှန်လေးစားမှု၊ အကျိုးဖြစ်ထွန်းမှု၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တရားဥပဒေစိုးမိုးရေး ကတိကဝတ်များနဲ့အညီ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဦးဆောင်တဲ့ အမေရိကန်အစိုးရသစ်နဲ့ အနီးကပ် လက်တွဲဆောင်ရွက်ဖို့မျှော်လင့်ပါတယ်”ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဟာရီရိုကွေးက သဝဏ်လွှာ တစ်ခုအတွင်း ပြောကြားသည်။
ဖိလစ်ပိုင်နှင့် အမေရိကန်နိုင်ငံတို့သည် ရှည်လျားသော နှစ်နိုင်ငံ ဆက်ဆံရေးရှိခဲ့ပြီး ဂျိုးဘိုင်ဒင်ဦးဆောင်သော အစိုးရလက်ထက်တွင် ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် မိမိတို့ သန္နိဋ္ဌာန်ချထားကြောင်း ရိုကွေးက ပြောသည်။
သူ၏ မူးယစ်ဆေးနှိမ်နှင်းရေးနှင့် ပြည်သူ့လွတ်လပ်မှုများ ဖြိုခွင်းမှုအပေါ် ဝေဖန်ခဲ့သည့် ဒီမိုကရက်များကြောင့် သမ္မတ ဒူတာတေးက ပုဂ္ဂိုလ်ရေးအရ ဒေါ်နယ်ထရမ့်ကို ဒုတိယသက်တမ်း အနိုင်ရရှိစေချင်သည်။
ဂျိုးဘိုင်ဒင်က ဒူတာတေးကဲ့သို့သော လူထုအကျိုးမျှော်မှန်းရေး ဝါဒီများနှင့် ထိတွေ့ဆက်ဆံရာတွင် ပို၍လက်တွေ့ဆန်ပြီး သတိထားမည်ဟု မျှော်မှန်းရကြောင်း နိုင်ငံရေးလေ့လာသူနှင့် စာရေးဆရာ ရစ်ချတ် ဟေဒါရီဘန်က ပြောသည်။
ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေး၏ သမ္မတသက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
ကိုးကား - သည်စထရိတ်တိုင်းမ်၊
ဘာသာပြန် - ကျော်ထိုက်စိုး