အမေရိကန်၊ ရုရှား အာကာသယာဉ်မှူး သုံးဦး ကမ္ဘာမြေသို့ အောင်မြင်စွာပြန်လည်ရောက်ရှိ

ကာဇက်စတန် ၁ မတ်

 

လွန်ခဲ့တဲ့ ခြောက်လက ဆိုယုဇ် MS-06 အာကာသယာဉ်ဖြင့် ထွက်ခွာသွားပြီး နိုင်ငံတကာ အာကာသ စခန်းတွင် ခြောက်လကြာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန်နဲ့ ရုရှား အာကာသယာဉ်မှူး သုံးဦးဟာ ယမန်နေ့က ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

 

အာကာသယာဉ်မှူး သုံးဦးဟာ အပူချိန် သုညဒီဂရီအောက် ကျဆင်းနေပြီး နှင်းတွေ ဖုံးလွှမ်းနေတဲ့ ကာဇက်စတန်မြို့တော် အရှေ့တောင်ဘက် ၁၄၇ ကီလိုမီတာ အကွာက လွင်ပြင်ပေါ်ကို လေထီးနဲ့ ဆင်းသက်နိုင်ခဲ့တာဖြစ်ပြီး ဒေသစံတော်ချိန် ၂ နာရီ ၃၁ မိနစ်မှာ ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

အာကာသ တာဝန်ထမ်းဆောင်နေစဉ် ကမ္ဘာမြေကို ၂၆၈၈ ကြိမ်လှည့်ပတ်ခဲ့ပြီး ကီလိုမီတာ သန်းပေါင်း ၁၁၄ ဒဿမ ၅ ခရီးရှိတယ်လို့လဲ သိရပါတယ်။ ရုရှားနိုင်ငံသား အလက်ဇန္ဒား မီဆာကင်၊ အမေရိကန် နိုင်ငံသား မာ့ခ် ဗန်ဒီဟီ (NASA) နဲ့ ပညာရေး ဝန်ထမ်းဟောင်း ဂျိုးအက္ကဘာ (NASA) အဖွဲ့ဝင်သုံးဦးဟာ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့က ထွက်ခွာသွားခဲ့တာဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိဖို့ အချိန်ခြောက်နာရီ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။

 

အာကာသယာဉ်မှူး သုံးဦးဟာ ကျန်းမာရေး ကောင်းမွန်လျက် ရှိပေမယ့် ကာဇက်စတန်မြို့တော်မှာ အခမ်းအနားနဲ့ မကြိုဆိုမီ ကျန်းမာရေး စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေ ခံယူရမှာဖြစ်ပြီး အာကာသ ဝတ်စုံအစား သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေ လဲလှယ်ရဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေကို ခြေချပြီးနောက် ကမ္ဘာမြေရဲ့ဆွဲငင်မှုအပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲ၊ ၎င်းတို့အနေနဲ့ ပတ်ဝန်းကျင် အပြောင်းအလဲမှာ လိုက်လျောညီထွေဖြစ်ဖို့ ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာတွေကို ဆက်လက် လေ့လာသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

 

အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေကို ယခုလို အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ဖို့ ပြီးခဲ့တဲ့နှစ်ပတ်ကတည်းက အပြီးသတ် ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

 

ယခု ခရီးစဉ်အပြီးမှာတော့ ရုရှားနိုင်ငံသား အလက်ဇန္ဒား မီဆာကင်ဟာ နိုင်ငံတကာ အာကာသစခန်းမှာ ရက်ပေါင်း ၃၃၄ ရက် နေထိုင်ဖူးသူအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ မာ့ခ် ဗန်ဒီဟီ (NASA) ကတော့ အာကာသခရီး ခြောက်လနဲ့ အာကာသစခန်းပြင်ပ ၂၇ နာရီကြာ သွားရောက်ခဲ့သူအဖြစ်လည်းကောင်း၊ ဂျိုးအက္ကဘာ (NASA) အတွက် အာကာသခရီးစဉ် နှစ်ခုအတွင်း ၃၀၆ ရက်ကြာ အာကာစခန်းမှာ နေထိုင်ဖူးသူဖြစ်လာမှာဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရပါ။

 

ဘာသာပြန် > မိုးမမ