အမေရိကန်- ရုရှား - ဂျပန် အာကာသ ယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Soyuz MS-07 အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

ကာဇက်စတန် ၁၇ ဒီဇင်ဘာ


အာကာသယာဉ်ပေါ်တွင် ရုရှား အာကာသသိပ္ပံဆိုင်ရာ အစိုးရအဖွဲ့မှ တပ်မှူး Anton Shkaplerov ၊ ဂျပန် အာကာသ စူးစမ်းရှာဖွေရေး အေဂျင်စီမှ အင်ဂျင်နီယာ Norishige Kanai နှင့် အမေရိကန် အာကာသ အေဂျင်စီ (NASA) မှ Scott Tingle တို့ လိုက်ပါသွားကြပြီး ဒေသစံတော်ချိန် ၇ နာရီ ၂၀ မိနစ်မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။


Soyuz MS-07 ဟာ ကမ္ဘာမြေအထက် မိုင် ၂၅၀ (ကီလိုမီတာ ၄၀ဝ) အကွာ ပတ်လမ်းကြောင်းမှတဆင့်  အာကာသယာဉ် ရပ်နားစခန်းကို ဖြေးဖြေးချင်း ချဉ်းကပ်သွားမှာဖြစ်ပြီး အာကာသစခန်းကို ဆိုက်ကပ်ဖို့ ၂ ရက် ကြာမြင့်မယ်လို့ သိရပါတယ်။


၎င်းတို့ သုံးဦးဟာ စက်တင်ဘာကတည်းက ပတ်လမ်းကြောင်းထဲ ရောက်ရှိနေတဲ့ ရုရှား အာကာသသိပ္ပံဆိုင်ရာ အစိုးရအဖွဲ့မှ Alexander Misurkin နှင့် အမေရိကန် အာကာသ အေဂျင်စီ (NASA) မှ Mark VandeHei ၊ Joe Acaba တို့ သုံးဦး ပါဝင်တဲ့အဖွဲ့ကို ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


Soyuz MS-07 အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၁၀ မိနစ်ခန့်မှာ အာကာသ ပတ်လမ်းထဲ အောင်မြင်စွာ ရောက်ရှိ လှည့်ပတ်နေပြီဖြစ်ကြောင်း၊ အာကာသယာဉ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် အောင်မြင်ကြောင်း ပြသခဲ့ကြပြီး ကမ္ဘာ့ဆွဲငင်အား မရှိတော့တဲ့ အာကာသရောက်ရှိသွားတဲ့ အမှတ်သညာအဖြစ် Shkaplerov ရဲ့သမီးလေး ထည့်ပေးလိုက်တဲ့ ခွေးရုပ်ကလေးကိုပါ တွေ့ရတယ်လို့ သိရပါတယ်။


ဘာသာပြန်-မိုးမမ

ကိုးကား-ရိုက်တာ