ဝါရှင်တန် ၁၇ ဩဂုတ်
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏ ညီဖြစ်သူ ရောဘတ်သည် ဩဂုတ် ၁၅ ရက်က ဆေးရုံပေါ်တွင်သေဆုံးသွားပြီ ဟု သိရသည်။
မည်သည့်ရောဂါကြောင့်သေဆုံးရသည်ကိုမူ ကြေညာခဲ့ခြင်းမရှိပေ။ ၎င်းသေဆုံးမှုအတွက် ဝမ်းနည်းကြောင်း သမ္မတက သတင်းထုတ်ပြန်ခဲ့သည်။ ညီဖြစ်သူ ရောဘတ် သေဆုံးသည့်သတင်းကို ဝမ်းနည်းကြေကွဲစွာ အသိပေးခြင်းဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ညီအစ်ကို သံယောဇဉ်သာမက သူငယ်ချင်းဆက်ဆံရေးပါရှိသော ရောဘတ်သေဆုံးသွားသည့်အတွက် လွမ်းဆွတ်နေရဦးမည်ဖြစ်ပြီး နှလုံးသားထဲမှပုံရိပ်မှာ ပျောက်ကွယ်သွားမည်မဟုတ်ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အသက် ၇၄ နှစ် အရွယ် သမ္မတထရမ့်သည် ဩဂုတ် ၁၄ ရက်က နယူးယောက်မြို့ရှိ ရောဘတ်တက်ရောက် ကုသနေသည့်ဆေးရုံသို့ သွားရောက်ခဲ့ပြီး ၄၅ မိနစ်ကြာနေခဲ့သည်။ ရောဘတ်ထရမ့်မှာ ရောဂါသည်းနေသော်လည်း မည်သည့်ရောဂါ ဖြစ်သည်ကိုမူ မသိရကြောင်း အမေရိကန် မီဒီယာများတွင် ဖော်ပြကြသည်။ ရောဘတ်ထရမ့်မှာ အသက် ၇၁ နှစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အမေရိကန် မီဒီယာများတွင် ဖော်ပြကြသည်။ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာထရမ့်ကလည်း ဦးလေးဖြစ်သူ အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။
၁၉၄၈ ခုနှစ်တွင် မွေးဖွားသည့် ရောဘတ်သည် ထရမ့်မိသားစု၏ ငါးယောက်မြောက်အငယ်ဆုံး မိသားစုဝင်ဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းမလုပ်ကိုင်မီ ဝေါစထရိတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက ရောဘတ်သည် ဒေါ်နယ်ထရမ့်ကို ရာခိုင်နှုန်းပြည့် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဒေါ်နယ်ထရမ့် သမ္မတမဖြစ်မီ နှစ်များက ညီအစ်ကိုနှစ်ဦး ခပ်တန်းတန်းဖြစ်နေခဲ့ကြောင်း နယူးယောက်တိုင်းမ်တွင် ဖော်ပြခဲ့သည်။
အေအက်ဖ်ပီ