ပြုံယမ်း၊ မတ် ၆

 

အမေရိကန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂက တောင်းဆိုသင့်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်ကို ယနေ့ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

 

နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြောက်ကိုရီးယားဒုတိယနိုင်ငံခြားရေးဝန်ကြီးက အဆိုပါ ထုတ်ပြန်ချက်ကို အမေရိကန် - တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်မီ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ် ၁၃ ရက်မှ ၂၃ ရက်အထိ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  မတ် ၃ ရက်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲလေကြောင်း လေ့ကျင့်မှုအပါအဝင် အမေရိကန်- တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို အဆိုပါ ထုတ်ပြန်ချက်တွင် ဝေဖန်ခဲ့သည်။

 

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ၏ စစ်ရေးလေ့ကျင့်မှုများသည် ကိုရီးယားကျွန်းဆွယ် အခြေအနေတင်းမာမှုများကို ပိုမို ဖြစ်ပွားစေနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ချက်ချင်း ရပ်တန့်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် ကျွန်းဆွယ်တွင် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်စေရန် တွန်းအား ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား- အင်န်အိတ်ချ်ကေ

 ဘာသာပြန်- အောင်ကျော်ကျော်