၁၉ နိုဝင်ဘာ
တောင်ကိုရီးယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု လုံးဝရပ်တန့်ရန် မြောက်ကိုရီးယား နိုင်ငံက အမေရိကန် နိုင်ငံအား တိုက်တွန်း ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါ က မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေး သံတမန်ရေးဆိုင်ရာ ကြိုးပမ်းချက်ကို ထောက်ခံသည့် အနေဖြင့် တောင်ကိုရီးယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု ရွှေ့ဆိုင်းခဲ့ကြောင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
အဆိုပါ အမေရိကန် ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို တုံ့ပြန်သည့် အနေဖြင့် ယနေ့ အစောပိုင်းက မြောက်ကိုရီးယား Workers' Party ၏ ဒုတိယ ဉက္ကဌ ကင်ယွန်ချို က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ခေါင်းဆောင်ကင်ဂျုံအန် လက်ထောက်အဖြစ် လူသိများသော ကင် က မြောက်ကိုရီးယားကို ရန်လိုသည့် မူဝါဒကို အဆုံးမသတ်မီ နျူကလီးယား ဖျက်သိမ်းရေး ပြောဆိုမှုကို အမေရိကန်နိုင်ငံ အနေဖြင့် စိတ်မကူးသင့်ကြောင်း ပြောကြားကာ ကြေညာချက်ကို သိသိသာသာ တုံ့ပြန်ခဲ့သည်။
တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုကို ရုပ်သိမ်းပေးရန်၊ လုံးဝရပ်တန့်ရန် အမေရိကန်ကို မြောက်ကိုရီးယားက တောင်းဆိုခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ လိုက်လျောမှု၊ စဉ်းစားသုံးသပ်မှု မရှိပဲ ထိုစစ်ရေးလေ့ကျင့်မှုကို ရွှေ့ဆိုင်းသည်ဟု အမေရိကန်က တင်စီးပြောဆိုမှုကို ၎င်းက ဝေဖန်ခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


