ဝါရှင်တန်   ၁၄  ဒီဇင်ဘာ

အမေရိကန်အစိုးရသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ဖြူးရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စတင် နေပြီဟု သိရသည်။

မကြာခင်အချိန်အတွင်း ရရှိလာတော့မည့် ကာကွယ်ဆေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ အမေရိကန် ဆေးဝါးနှင့် အစားအသောက်ကွပ်ကဲရေးဌာန အက်ဖ်ဒီအေက ဒီဇင်ဘာ ၁၁ ရက်တွင် အမေရိကန် ဆေးဝါးကုမ္ပဏီဖိုက်ဇာနှင့် ဂျာမနီ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဘိုင်အိုအင်န်တက်ရွဲတို့ ပူးပေါင်း ထုတ်လုပ်ထားသည့် ကာကွယ်ဆေးကို အရေးပေါ် အခြေအနေတွင် အသုံးပြုနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ အသက် ၁၆ နှစ်နှင့်အထက် လူများကို ကာကွယ်ဆေး ထိုးပေးနိုင်မည်ဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကာကွယ်ဆေး ဖြန့်ဝေပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်များကို အစိုးရအရာရှိတစ်ဦးက ရှင်းလင်းခဲ့သည်။ ဖိုက်ဇာကုမ္ပဏီ အခြေစိုက်သည့် မီချီဂန် ပြည်နယ်မှကာကွယ်ဆေးများ ဖြန့်ဝေပေးနိုင်ရေးအတွက် ထုပ်ပိုးမှု အပါအဝင် အခြားသော ပြင်ဆင်မှုများကို စတင်နေပြီဖြစ်သည်။ ဒီဇင်ဘာ ၁၃ ရက်မှ စတင်ကာ နေရာပေါင်း ၆၃၆ ခုသို့ ဆေးများ စတင်ဖြန့်ဝေနေပြီ ဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက် အထိ ပြည်နယ် ၅၀ နှင့် ဝါရှင်တန်ဒီစီတို့သို့ ဆေးရောက်ရှိအောင် ဖြန့်ဝေပေးမည် ဖြစ်သည်။ ပထမအကျော့တွင် ပြည်နယ်များ၏ လူဦးရေအရ ကာကွယ်ဆေး ၂ ဒသမ ၉ သန်း ဖြန့်ဝေပေးမည် ဖြစ်သည်။ ကျန်းမာရေးလုပ်သားများနှင့် သက်ကြီးရွယ်အိုများကို ဦးစွာ ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။

မော်ဒန်နာ ကာကွယ်ဆေး အသုံးပြုနိုင်ရေးအတွက်လည်း ကျွမ်းကျင်သူများနှင့် ဒီဇင်ဘာ ၁၇ ရက်တွင် ဆွေးနွေးသွားရန် စီစဉ်ထားသည်။ မော်ဒန်နာဆေးကိုသာ အတည်ပြုပေးခဲ့ပါက ဖိုက်ဇာနှင့် မော်ဒန်နာ ဆေးပေါင်း သန်း ၄၀ မှာ အမေရိကန်သို့ ယခုလကုန်ပိုင်းတွင် ရောက်ရှိမည် ဖြစ်သည်။

အင်န်အိတ်ချ်ကေ