ဆိုးလ်   ဧပြီ   ၂၃

အမေရိကန်၏ အခွန်စည်းကြပ်မှု နောက်ဆက်တွဲအဖြစ်   တောင်ကိုရီးယား၏ အကြီးမားဆုံး ကားထုတ်လုပ်သူ ဟွန်ဒဲမော်တာကုမ္ပဏီ၏ ယခုနှစ် ပထမသုံးလပတ်လုပ်ငန်းလည်ပတ်မှုအမြတ် ငွေမှာ နှစ်ဆခန့် ကျဆင်းသွားကြောင်း   ဧပြီ   ၂၃   ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟွန်ဒဲကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုအမြတ်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ သုံးလတာကာလအတွင်း ဝမ် ၂ ဒသမ ၅၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) သာ ရရှိခဲ့သည်။

Hybrid မော်ဒယ်များ၏ ရောင်းအားကောင်းမွန်နေသော်လည်း အမေရိကန်အခွန်စည်းကြပ်မှု၏ သက်ရောက်မှုကြောင့် အမြတ်လျော့နည်းခဲ့ရကြောင်း ကုမ္ပဏီဘက်မှ ထပ်လောင်းပြောကြားခဲ့သည်။   သုံးလတာအတွင်း   ဟွန်ဒဲမှ ကမ္ဘာတစ်ဝန်းတွင် ကားအစီးရေ  ၉၇၆၂၁၉ စီး ရောင်းချနိုင်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။  ယင်းမှာ ပထဝီနိုင်ငံရေး မရေရာမှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကားဝယ်လိုအား လျော့နည်းလာခြင်းကြောင့်လည်း ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင်   ၁၅၉၀၆၆  စီးသာ  ရောင်းရမှုရှိခဲ့ ပြီး ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားသကဲ့သို့ ပြည်ပဈေးကွက်တွင်လည်း  ရောင်းအား ၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းကာ အစီးရေ ၈၁၇၁၅၃  စီးသာ  ရောင်းချနိုင်ခဲ့သည်။

တစ်ဖက်တွင် Hybrid မော်ဒယ်များ၊ plug-in hybrid မော်ဒယ်များ၊ လျှပ်စစ်မော်တော်ယာဉ်များနှင့် လောင်စာဆဲလ် လျှပ်စစ်မော်တော်ယာဉ်များအပါအဝင်  ဟွန်ဒဲ၏ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များ၏  ကမ္ဘာလုံးဆိုင်ရာ  ရောင်းအားမှာ ၁၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာပြီး သုံးလ ပတ်အတွင်း အစီးရေ ၂၄၂၆၁၂ စီး ရောင်းချနိုင်ခဲ့သည်။ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များသည်  ဟွန်ဒဲ၏ စုစုပေါင်း ရောင်းအားမှ  ၂၄   ဒသမ   ၉  ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည်။            

ဆင်ဟွာ