ဝါရှင်တန် ၉ ဧပြီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမိမြေလုံခြုံရေးအကြီးအကဲ ခရစ်ဂျန်နယ်လ်ဆန် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အမေရိကန် တောင်ပိုင်းနယ်စပ်တွင် တရားမဝင်ဖြတ်ကျော်မှုများ များပြားလာချိန်၊ လူဝင်မှု ကြီးကြပ်ရေးမူဝါဒများ တင်းကျပ်လာချိန်တွင် ယခုလို ဖြစ်လာခဲ့ခြင်းဖြစ်သည်။
နယ်လ်ဆန်၏နုတ်ထွက်မှုသည် သမ္မတထရမ့်နှင့် ၎င်းတို့ကြားပဋိပက္ခများ အဆုံးသတ်သွားချိန်လည်းဖြစ်သည်။ အမေရိကန်သမ္မတ ထရမ့်သည် နယ်လ်ဆန်၏ လုပ်ပုံကိုင်ပုံကို သဘောမကျသူလည်းဖြစ်သည်။
အမိမြေလုံခြုံရေးဌာနတွင် နယ်လ်ဆန်ဦးဆောင်ခဲ့သည်မှာ ၁၈ လကြာမြင့် ပြီးသည့်နောက် ရွှေ့ပြောင်းနေထိုင်သူများ၏ ကလေးများကို မိဘများနှင့်ခွဲထားသည့် အစီအစဉ်ပေါ်ပေါက်လာခဲ့ပြီး ဒီမိုကရက်တစ်တို့က ၎င်းကိုအပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။
ထို့ပြင် ၎င်းကိုရာထူးမှ နုတ်ထွက်သွားရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။ “အမိမြေလုံခြုံရေးအကြီးအကဲ နယ်လ်ဆန်ဟာ သူရဲ့ရာထူးကနေ နုတ်ထွက်သွားတော့မှာပါ။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွက် ကျေးဇူးတင်ပါတယ်”ဟု ထရမ့်က တွစ်တာစာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
အမေရိကန်အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးဌာနမှ အကြီးအကဲ ကီဗင်မက်အလီနန်သည် အမိမြေလုံခြုံရေးဌာန၏ အကြီးအကဲဖြစ်လာမည် ဖြစ်သည်။ “အမိမြေ လုံခြုံရေးဌာန၏ လုပ်ဆောင်မှုများ တစ်ခေတ်ဆန်းချိန်တွင် ကျွန်မအတွက်ကတော့ ဒီအချိန်ဟာ နေရာကနေဖယ်ပေးဖို့ အချိန်ကောင်းပဲဖြစ်တယ်”ဟု နယ်လ်ဆန်က ပြောသည်။ သမ္မတထရမ့်နှင့် နယ်လ်ဆန်တို့ ကယ်လီဖိုးနီးယားရှိ မက္ကဆီကိုနယ်စပ်သို့ ရောက်ရှိခဲ့ပြီး နှစ်ရက်အကြာတွင် ယခုလို ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
အေအက်ဖ်ပီ