၈ ဇွန်
အာဖဂန်နစ္စတန်နိုင်ငံ ရင်ကြားစေ့ရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဇာမေ ခါလီဇက် သည် ပါကစ္စတန် စစ်တပ်အကြီးအကဲ ကွာမာ ဂျာဗက် ဘာဂျဝါ နှင့် အာဖဂန်နစ္စတန်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ပါကစ္စတန်စစ်ဘက်က ယမန်နေ့ညပိုင်းက ပြောကြားခဲ့သည်။
ပါကစ္စတန်-အာဖဂန် နယ်စပ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အာဖဂန် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ အာဖဂန်ဒုက္ခသည်ဆိုင်ရာကိစ္စရပ် အပါအဝင် ဒေသတွင်း လုံခြုံရေးအခြေအနေတို့ကို ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့ကြကြောင်း စစ်ဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နှစ်ဦးနှစ်ဘက်အပြန်အလှန် သဘောတူညီထားသည့် ရည်မှန်းချက် ပန်းတိုင်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းမီဒီယာမှ ထုတ်ပြန်ထားသည်။
ခါလီဇက်သည် အာဖဂန်နိုင်ငံဆိုင်ရာ ဆွေးနွေးမှု စတင်လုပ်ဆောင်ရေးအတွက် ဖိအားပေးရန် ၎င်းမစ်ရှင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါကစ္စတန်နိုင်ငံသို့ တစ်လအတွင်း ဒုတိယအကြိမ်လာရောက်ခြင်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံသို့ ပြီးခဲ့သည့် မေ ၈ ရက်နေ့က သွားရောက်ခဲ့ပြီး အာဖဂန်ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ဘာဂျဝါနှင့် ဆွေးနွေးခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို