တိုကျို မေ ၁၂

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များ၌ အမေရိကန်တပ်ဖွဲ့က ဗုံးကြဲချသည့် ဖြစ်ရပ်သည် ကမ္ဘာစစ်ကိုရပ်တန့်နိုင်ခဲ့သဖြင့် မှန်ကန်သည်ဟု အမေရိကန် ဆီးနိတ်လွှတ်တော် ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ထောက်ခံဆွေးနွေးခဲ့ခြင်းသည် သင့်လျော်မှုမရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက ပြောကြားခဲ့သည်ဟု ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ်အရ  သိရသည်။

အစ္စရေး- ပါလက်စတိုင်းစစ်ပွဲရပ်တန့်ရန် အမေရိကန်သည် အစ္စရေး - ပါလက် စတိုင်းစစ်ပွဲတွင် အစ္စရေးအား အဏုမြူဗုံးများ ထောက်ပံ့ပေးသင့်သည်ဟု အမေရိကန် ဆီးနိတ်လွှတ်တော်ကိုယ်စားလှယ် လင်းဆေးဂရေဟမ်၏ ဆွေးနွေးပြောကြားမှုနှင့်ပတ်သက်၍  ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များပေါ်သို့ ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံး ကြဲချခဲ့သဖြင့် ဂျပန်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ရပြီး ရောဂါဘယများ ဖြစ်ပွားမှုနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက ထပ်လောင်း ပြောကြားသည်။

လူသားများ၏ အသက်ပေါင်းများစွာကို သေဆုံးစေနိုင်သည့် အဏုမြူဗုံးထောက်ပံ့ပေးအပ်မည့် အမေရိကန်၏ ရပ်တည်ချက်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများနှင့် သွေဖည်နေကြောင်း ဂျပန်အစိုးရက ယုံကြည်သည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ