ဝါရှင်တန်၁၈ ဒီဇင်ဘာ
အမေရိကန်၌ ပြီးခဲ့သည့် စက်တင်ဘာ လကတည်းက နိုင်ငံ့စီးပွားရေးမှာ အကောင်းဘက်သို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း လာမည့်လများ အတွင်း စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်ရဦးမည်ကို သတိပြုရန် လိုကြောင်း အမေရိကန်ဗဟိုဘဏ်က ယမန်နေ့တွင် သတိပေးခဲ့သည်။ ဒီဇင်ဘာလအတွင်း ကယ်လီဖိုးနီး ယားပြည်နယ်တွင် အသွားအလာ ကန့်သတ်ခဲ့ပြီး ကျန်ပြည်နယ်အများ အပြား၌လည်း ကန့်သတ်မှုများ ချမှတ်ခဲ့သဖြင့် စီးပွားရေးတိုးတက်မှု နှုန်း ပြန်လည်နှေးကွေးခဲ့ရသည်။
သို့ရာတွင် လာမည့် ၂၀၂၁ ခုနှစ် အတွင်း စီးပွားရေး ၄ ဒသမ ၂ ရာခိုင် နှုန်းအထိ တိုးတက်လာနိုင်ဖွယ်ရှိ သလိုအလုပ်လက်မဲ့နှုန်းပါ ဆက်တိုက် ကျဆင်းသွားနိုင်ဖွယ် ရှိနေကြောင်း လည်း ဗဟိုဘဏ်ကခန့်မှန်းထားသည်။
ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် မူလ အခြေအနေမျိုး ပြန်လည်ရောက်ရှိ ရန် ရုန်းကန်ရမည်ဖြစ်သော်လည်း နှစ်လယ်ကာလမရောက်မီ စိန်ခေါ် မှုများကို ဆက်လက်ရင်ဆိုင်ရဖွယ် ရှိနေသည်။ သို့သော်လည်း ကာကွယ် ဆေး ရရှိလာပြီဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ် နှစ်လယ်တွင် စီးပွားရေး တိုးတက်မှုများကို ပြန်လည်မြင်တွေ့ ရတော့မည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျာရိုမီပါဝဲလ်က ယူဆသည်။ ၎င်းက “နှစ်လယ်လောက်ဆို အရင် လိုပဲ ပြည်သူတွေ သွားလာလှုပ်ရှား လုပ်ကိုင်နိုင်တော့မယ်။ အလုပ်မဖြစ် ခဲ့တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေလည်း စတင်စပြုလာတော့မယ်။ ဆိုလိုတာ က ကျွန်တော်တို့အတွက် ဒီပြဿနာ (ကိုဗစ်-၁၉ရောဂါ)ကို နောက်လေး၊ငါး လလောက်အထိပဲ ရင်ဆိုင်ရတော့မှာ ပါ။ စိန်ခေါ်မှုတွေတော့ ကြုံရပါလိမ့် မယ်” ဟု ဆိုခဲ့သည်။
မူဝါဒချမှတ်သူများက အစိုးရနှင့် ဗဟိုဘဏ်တို့အနေဖြင့် စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်မှုရသည် အထိ ချေးငွေချထားပေးပြီး အတိုးနှုန်း ကိုလည်း သုညနီးပါးအထိ ထားရှိပေး ရန်လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။
အစိုးရ၏ ထောက်ပံ့ရေး အစီအစဉ် သက်တမ်းကုန်ဆုံးခဲ့သည့် ဇွန်လက တည်းက အမေရိကန်ပြည်သူ ရှစ်သန်း ခန့်မှာ ဆင်းရဲမှုပြဿနာ ကြုံတွေ့ခဲ့ရ ခြင်းကြောင့် ပြည်သူများအား ပြန်လည်ထောက်ပံ့မှု ပေးနိုင်ရေးအတွက် ဘတ်ဂျက် အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀၀ကို အောက်လွှတ်တော်မှ အမြန်ဆုံးအတည်ပြုရန် ပါဝဲလ်က တိုက်တွန်းခဲ့သည်။
ကိုးကား- ဘီဘီစီ ဘာသာပြန်-မေလဲ့သင်း