၉ မတ်
အမေရိကန်ဒေါ်လာ ငွေကြေးလဲလှယ်နှုန်း ကျဆင်းမှုနှင့်အတူ ပြည်တွင်းရွှေဈေးပါ လိုက်ပါကျဆင်း လျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က ပြောသည်။
လက်ရှိ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှစ၍ ကျပ် ၁၅၀၀ အောက်သို့ ကျဆင်းလာခဲ့ပြီး မတ် ၉ ရက်တွင် တစ်ဒေါ်လာ ၁၃၅၀ ကျပ်အထိ ဆက်လက် ကျဆင်းခဲ့သည်။
သို့ဖြစ်၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်း ဆက်လက်ကျဆင်းပါက ပြည်တွင်းရွှေစျေး ဆက်လက်ကျဆင်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
"ငွေကြေးလဲလှယ်မှု ကျတဲ့နှုန်းက ပိုပြီးများနေတယ်၊ ကမ္ဘာ့ရွှေဈေး တက်တဲ့အားက အဲလောက်ထိ မရှိဘူး၊ ငွေကြေးလဲလှယ်မှု ကျတဲ့အားက တအားများသွားတယ်"ဟု ဦးအုန်းမြိုင် က ပြောသည်။
ပြည်တွင်းရွှေဈေး အတက်အကျသည် ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်တွင် မူတည်သော်လည်း ပြီးခဲ့ သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၀၀၀၀၀ ကျော်အထိ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ချိန်တွင်မူ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။
လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၆၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သော်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၁၈၀၀၀၀ သာ ရှိကြောင်း ရွှေစျေးကွက်အတွင်းမှ သိရသည်။
ထို့ပြင် စျေးကွက်အတွင်း အရောင်းအဝယ်မှာလည်း ပွင့်လင်းရာသီဖြစ်သောကြောင့် ပုံမှန်အရောင်း အဝယ်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်အဖြစ် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်ခဲ့ရာ၂၀၁၉ ခုနှစ် နှစ်စ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက် အတွင်း ကျပ် ၁၀၀၀၀၀၀ ကျော်၊ ဇွန် ၂၂ ရက်မှ သြဂုတ် ၅ ရက်အတွင်း ၁၁၀၀၀၀၀ ကျော်၊ သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂၀၀၀၀၀ ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ် ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက် ကျော်လွန်၍ ကျပ် ၁၃၀၀၀၀၀ ကျော်အထိ ဖြစ်ပေါ်ခဲ့သဖြင့် သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့သည်။
ပြီးခဲ့သည့် လေးလက ရွှေဈေးကို ပြန်ကြည့်မည်ဆိုလျှင် နိုဝင်ဘာတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံး နှုန်း ကျပ် ၁၁၇၃၀၀၀ (နိုဝင်ဘာ ၂၈ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၂၁၉၄၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာ တွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၇၀၈၀၀ (ဒီဇင်ဘာ ၃ ရက်) အမြင့်ဆုံးနှုန်း ကျပ် ၁၁၉၇၈၀၀ (ဒီဇင်ဘာ ၂၈ ရက်)၊ ဇန်နဝါရီတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၁၉၁၆၀၀ (ဇန်နဝါရီ ၂ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၂၇၀၀ (ဇန်နဝါရီ ၈ ရက်)နှင့် ဖေဖော်ဝါရီလတွင် ပြည်တွင်းရွှေဈေးမှာ အနိမ့်ဆုံးနှုန်း ကျပ် ၁၂၁၄၁၀၀ (ဖေဖော်ဝါရီ ၅ ရက်) နှင့် အမြင့်ဆုံးနှုန်း ကျပ် ၁၂၃၄၂၀၀ (ဖေဖော်ဝါရီ ၂၈ ရက်) တို့ဖြစ်ကြောင်း ရွှေရောင်း၀ယ်သူများထံမှ သိရ သည်။
ငြိမ်းငြိမ်း