ဝါရှင်တန် ဖေဖော်ဝါရီ ၂၆
ရင်းနှီးမြှုပ်နှံသူများကို ထုတ်ပေးလေ့ရှိသည့် ၃၅ နှစ်ကြာ ဗီဇာအဟောင်းနေရာတွင် အမေရိကန် ဒေါ်လာငါးသန်းနှင့် အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိ မည့် “Gold Card” ဗီဇာအစီအစဉ်ကို ထုတ်ပေးရန်စီစဉ်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ငွေကြေးချမ်းသာသည့် နိုင်ငံခြားသားများသည် ထရမ့်၏ “Gold Card” ကို အမေရိကန်ဒေါ်လာ ငါးသန်းနှင့်ဝယ်ယူပြီး အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိတော့မည်ဖြစ်သည်။
အဆိုပါကတ်များကို ဝယ်ယူမည့်သူများသည် ချမ်းသာပြီး အောင်မြင်နေသူများဖြစ်သလို ငွေကြေး အမြောက်အမြား သုံးစွဲကြမည့်သူများလည်းဖြစ်ကြောင်း၊ အခွန်အများကြီးပေးဆောင်မည့်သူများ ဖြစ်သည့်အပြင် လူအများကြီးကို အလုပ်ပေးမည့်သူများလည်းဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်သည် အလွန်အောင်မြင်လာလိမ့်မည်ဖြစ်ကြောင်း ထရမ့်က ဘဲဥပုံရုံးခန်း၌ ပြောကြားခဲ့သည်။
အဆိုပါကတ်တစ်သန်းကျော်ကို လာမည့် သီတင်းနှစ်ပတ်အတွင်း ရောင်းချသွားမည်ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထရမ့်၏ “Gold Card” များကို အီးဘီ-၅ ဗီဇာ များနေရာတွင် သီတင်းနှစ်ပတ်အတွင်း အစားထိုး သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဟောဝါ့ဒ်လုတ်နစ်က ပြောကြားခဲ့သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ဖြစ်ပေါ်စေရန် ၁၉၉၀ ပြည့်နှစ်တွင် အီးဘီ-၅ ဗီဇာများကို လွှတ်တော်က ဖန်တီးပေး ခဲ့ခြင်းဖြစ်သည်။
“Trump Gold Card” များကိုဝယ်ယူသူများသည် “Green Card” ကိုင်ထားသူများနှင့် တူညီသည့် အခွင့်အရေးများကို ခံစားရမည်ဖြစ်သည်။ “Green Card” ကိုင်ဆောင်ထားသူများသည် သတ်မှတ် ချက် အချို့နှင့်ပြည့်မီသည့် တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရရှိသူများ ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများကို ထုတ်ပေးသည့် ဗီဇာများကို ကမ္ဘာတစ်ဝန်းတွင် တွေ့ရလေ့ရှိသည်။ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ဂရိ၊ မော်လ်တာ၊ သြစတြေးလျ၊ ကနေဒါနှင့် အီတလီနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀ ကျော်သည် ချမ်းသာကြွယ်ဝသူများကို “Golden Visas” များ ထုတ်ပေးလေ့ရှိကြောင်း ဟန်လေနှင့်မိတ်ဆွေများ အကြံပေးကုမ္ပဏီက ပြောသည်။
အေပီ၊ အင်န်အိတ်ချ်ကေ