ဝါရှင်တန် ဇန်နဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဇန်နဝါရီ ၂၁ ရက်က အေအိုင်နည်းပညာဟုခေါ်သော ဉာဏ်ရည်တုနည်းပညာကဏ္ဍ၌ မိတ်ဖက်အဖွဲ့သစ်တစ်ဖွဲ့က အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမည့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအကြောင်း ဦးစားပေးပြောကြားခဲ့သည်။ အဆိုပါမိတ်ဖက်အဖွဲ့သစ်ကို အိုးပင်းအေအိုင်၊ အော်ရေကယ်နှင့် ဆော့ဖ်ဘဏ်တို့က ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်သည်။
အေအိုင်နည်းပညာကဏ္ဍအတွက်အရေးပါသည့် စတားဂိတ်လုပ်ငန်းစီမံချက်သည် အေအိုင်ဒေတာ အဆောက်အအုံများကို မကြာမီတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် တက္ကဆက်ရှိ လျင်မြန်စွာ ပြောင်းလဲဖွံ့ဖြိုးတိုးတက်နေသော အေအိုင်၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက် မှုအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကို မကြာမီထုတ်လုပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ပြောကြားချက်အရ သိရသည်။
ကနဦးရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နှင့် စတင်သွားမည်ဖြစ်ပြီး နောက်ထပ် ငါးဆအထိ ထပ်မံတိုးမြှင့်ရင်းနှီး မြှုပ်နှံသွားမည်ဟု မျှော်လင့်ရသည်။
အိမ်ဖြူတော်တွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ဖွင့်ပွဲမိန့်ခွန်းပြောကြားသည့် အခမ်းအနားသို့ ဆော့ဖ်ဘဏ်၊ အိုးပင်း အေအိုင်နှင့် အော်ရေကယ်မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။ ၎င်းတို့သုံးဦးစလုံးက အေအိုင်လုပ်ငန်းစီမံချက်အတွက် သမ္မတထရမ့်ကို ကျေးဇူးတင် လျက်ရှိသည်။
အမေရိကန်ပြည်ထောင်စု ရွှေခေတ်လွှမ်းပြီဆိုသည့် သမ္မတထရမ့်၏ မိန့်ခွန်းပါကောက်နုတ်ချက်ကို ရည်ညွှန်းပြီး ဆော့ဖ်ဘဏ်၏တာဝန်ရှိသူ မာဆာယိုရှီဆန်းက ရွှေခေတ်အစပဲဟု ပြောကြားလိုက် သည်။
သမ္မတထရမ့်သည် ၎င်း၏သမ္မတသက်တမ်းအစတွင် စီးပွားရေးကို မြှင့်တင်သည့်အနေဖြင့် အလားတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမည့် ဆောင်ရွက်ချက်အမြောက်အမြားကို ကြေညာခဲ့သည်။ အေပီ